CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် ရာထူးကနေ ပယ်ရှားခံခဲ့ရသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်ပြီး Kaw Thoo Lei Army (ကရင့်ပြည်သူ့တပ်မတော်)ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က စတင်၍ ဖွဲ့စည်း လိုက် ကြောင်း စာတစ်စောင် ထုတ်ပေါ်နေသည်။

ထိုစာတွင် VENOM COMMENDO စစ်ကြောင်းမှူး စောဝင်းမြင့်ဆိုသူက လက်မှတ်ရေးထိုးကြောင်း၊ ထိုလက်မှတ်ရေးထိုး ထားမှုနှင့်အတူ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာထဲတွင် ယခု လက်ရှိတွင် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေ ဦးဆောင်သော KNDO သည် NCA ထိုးထား သော အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့်အားလျှော်စွာ ကျနော်တို့ ပြည်သူတစ်ရပ်လုံး၏ လှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ပတ်သက် ၍ အခက်အခဲ များစွာရှိနေသော အနေအထားဖြစ်ပါသည်ဟု ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ဗိုလ်မှူးချုပ်စောနယ်ဒါးမြမှ ဦးဆောင်ကာ Kaw Thoo Lei Army (ကရင့်ပြည်သူ့တပ်မတော်)ကို ဇူလိုင် ၁၇ ရက် နေ့မှစတင်ကာ ဖွဲ့စည်းလိုက်ပါသည်ဟု ယခုထွက်ပေါ်နေသော စာမှာ ဖော်ပြထားသည်။

ထိုစာတွင် “ Kaw Thoo Lei Army ၏ ရပ်တည်မှုမှာ ကရင့်ပြည်သူ့တပ်မတော် အနေဖြင့် ရပ်တည်သွားပြီး၊ စစ်ကောင်စီ လက် အောက်ခံ အဖွဲ့အစည်း၏ အမိန့်ကို မနာခံဘဲ တော်လှန်ရေး အောင်မြင်သည်အထိ စစ်ကောင်စီကို အမြစ်ပြတ် ခြေမှုန်း သွားမည်”ဟု ပြောထားသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ရဲဘော်များ

အလားတူ ကျနော်များ VENOM COMMANDO စစ်ကြောင်းသည်လည်း ဇူလိုင် ၁၇ ရက်မှ စတင်ကာ Kaw Thoo Lei Army ၏ အဖွဲ့ဝင် စစ်ကြောင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ကျနော်တို့၏ Kaw Thoo Lei Army ကို ထောက်ခံ ကြိုဆိုပေးပါရန်နှင့် NCA လက်မှတ်ရေးထိုးထားသော နစက လက်အောက်ခံ အဖွဲ့အစည်းများ၊ တပ်ရင်း တပ်ဖွဲ့များ ကိုသို့ ထောက်ပံ့ခြင်း မပြုကြပါရန် ပန်ကြားအပ်ပါသည်ဟု ပြောသည်။

VENOM COMMENDO စစ်ကြောင်းမှူး စောဝင်းမြင့်က “ စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်သော VENOM COMMANDO စစ်ကြောင်းသည် မိဘပြည်သူများထံမှ ရရှိသော ထောက်ပံ့ငွေများကို တစ်ကျပ်တစ်ပြားမှ အလဟသ မဖြစ်စေဘဲ၊ စစ်ကောင်စီကို စွမ်းစွမ်းတမံ ချေမှုန်းတိုက်ခိုက်သွားပါမည်ဟု ထပ်လောင်း ကတိပေးသစ္စာပြုပါသည်”ဟု ပြော ထားသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)ဆိုသည်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ အဖွဲ့ အစည်းဖြစ်သည်။ KNDO အနေဖြင့် NCA ထိုးထားခြင်းမဟုတ်ဘဲ KNU ကသာ ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သော KNDO၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့အား ကိုယ်စားပြု၍ NCA ထိုးထားခြင်း ဖြစ်သည်။

လက်ရှိ KNDO ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် စောရှီးလေ ဖြစ်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြကတော့ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်က ကရင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး အသတ်ခံရမှုတွင် တာဝန်ရှိသည်ဟုဆိုကာ KNU ကာကွယ် ရေးဌာနမှ စစ်ဦးစီးချုပ် ရာထူးကနေ ရပ်ဆိုင်းကြောင်း ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက လက်မခံကြောင်း ပြန်လည် ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြနဲ့ ဗိုလ်စလုံးကိုတွေ့ရစဉ်

လက်ရှိ ထွက်ပေါ်နေသော စာနှင့် Kaw Thoo Lei Army ဖွဲ့စည်းကြောင်းနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို CNI က ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ကရင်နိုင်ငံရေး အသိုင်းအဝန်းကြားမှာတော့ ကရင်လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ပေါ်ပေါက်လာနိုင်ခြေ ရှိနေကြောင်း၊ ဆိုရှယ်မီဒီယာနှင့် လူထုကြား ရေပန်းစားနေမှုက အဖွဲ့အစည်းသစ် ထူထောင်လာရေး တွန်းအားတစ်ခု ဖြစ်လာနေကြောင်း ဆွေးနွေး ပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် နွေဦးတော်လှန်ရေးတွင် ပါဝင်ကာ တပ်မတော်ကို တိုက်ခိုက်နေခြင်းနှင့် စခန်း သိမ်း တိုက်ပွဲများ ဖော်ဆောင်နေခြင်းကြောင့်  ဆိုရှယ်မီဒီယာနှင့်လူထုကြား ထင်ရှားလျက်ရှိနေသည်။

လက်ရှိ ကရင် လက်နက်ကိုင်များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ ရှိ ကြသည်။

DKBA၊ KNU/KNLA-PC တို့သည် KNU ကနေ ခွဲထွက်ခဲ့သည့် အဖွဲ့များဖြစ်ကြောင်း၊ ထို့နောက် DKBA ကနေ ဗိုလ်မှူးကြီး စောချစ်သူ ခွဲထွက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ကို ဖွဲ့စည်းကာ တပ်မတော်နှင့်ပူးပေါင်းခဲ့သည်။

အလားတူ DKBA ကနေ ဗိုလ်စလုံး ဦးဆောင်သည့် အင်အား ၃၀၀ ဝန်းကျင်သည် ၂၀၂၂ ခုနှစ်၊ မေလက ခွဲထွက်၍ KNDO မှ ရာထူးကနေ ရပ်ဆိုင်းခံထားရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် သွားရောက် ပူးပေါင်းခဲ့သည်။