CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခု နွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဇူလိုင် ၇ ရက်) ထုတ်ပြန် ပြောကြားလိုက်သည်။

ယနေ့ (ဇူလိုင် ၇ ရက်)သည် ဆဲဗင်းဂျူလိုင်နေ့ဖြစ်ပြီး ထိုအထိမ်းအမှတ်နေ့နှင့်ပတ်သက်ပြီး NUG က ထုတ်ပြန်၍ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

NUG က “သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏ အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ဘဲ  ၂၁ ရာစု အထိ ဆက်လက် ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင်များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားပေသည်”ဟု ပြောသည်။

ထို့နောက် NUG က ယနေ့ (ဇူလိုင် ၇ ရက်)သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ် ကို တပ်ဦးမှ တော်လှန်ခဲ့ကြသော ကျောင်းသားလူငယ်သူရဲကောင်းများစွာ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေတွင် ကျောင်းသားတို့ သွေးမြေခခဲ့ရသည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့်မြောက်သည့် အခါသမယ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာ့သမိုင်းကို အရုပ်ဆိုး အကျည်းတန်စေသည့် လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့် အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေးနှင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေး အရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓာတ်၊ ပြည်သူလူထု တစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဋ္ဌာန်ပြုအပ် ပါသည်ဟု NUG က ထုတ်ပြန်ခဲ့သည်။