CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၏ အကွဲအပြဲမှာ ကရင်လူထုအတွက် ကောင်းသည့် အလားအလာ မဟုတ် ဘူးဟု ကရင်အမျိုးသားဒီမိုကရတ်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်က ဗိုလ်မှူးချုပ် စောနယ်ဒါးမြမှ ကော်သူးလေတပ်မတော်ကို တည်ထောင်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်မှာတော့ ၎င်း(စောနယ်ဒါးမြ)ကို ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပယ် ကြောင်း KNU မှ ထုတ်ပြန် ကြေညာခဲ့သည်။

ထို့နောက် KNU ၏ စစ်ရေးလက်အောက်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် KNDO တို့ကလည်း လုံးဝ လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း KNLA က ထုတ်ပြန် ကြေညာခဲ့သည်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်

မန်းအောင်ပြည်စိုးက “ကျနော်တို့လည်း ပြောရမယ်ဆိုရင်တော့ စိတ်လည်း ညစ်တယ်၊ စိတ်လည်း မကောင်းဘူးပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုထဲကနေပြီးတော့ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတာတွေလေ။ ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း KNU ကနေပြီးတော့ အကွဲကွဲ အပြားပြား ဖြစ်လာတဲ့ သမိုင်းကလည်း သိပြီးသားပါ။ ဆရာတော် ကနေပြီး ခွဲသွားလိုက်တဲ့ DKBA နောက်တစ်ခါ PC နောက်တစ်ခါ DKBA ကနေပြီးတော့ BGF၊ DKBA ကနေပြီး တော့ ပါတီထောင်လိုက်တာတွေ အစရှိသဖြင့်ပေါ့လေ။ ပြောရမယ်ဆိုရင်တော့ ဒီလိုအကွဲကွဲ အပြားပြား ဖြစ်နေတာဟာ ကျ‌နော်တို့ ကရင်တိုင်းရင်းသားတွေ အတွက်တော့ ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။ အဲဒီလို ကရင်တိုင်းရင်းသားကြီးပဲ မဟုတ်ဘူးပေါ့လေ၊ ကျန်တဲ့ တိုင်းရင်းသားတွေကလည်း ဒါသတိပြုကြဖို့ သူတို့အတွက်ကလည်း ဒီလို စုစည်းမှု မရှိဘူး။ ပြေ လည်မှု မရှိဘူး။ အချင်းချင်း ကွဲပြဲနေကြတယ်ဆိုရင်တော့ ဒါက မကောင်းဘူးလို့ ကျ‌နော်က အဲဒီလိုပဲ မြင်တယ်၊ အဲဒီလိုပဲ ပြောလိုတယ်” ဟု ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ ဦးဆောင်သော KNDO မှာ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အတွက် မိမိတို့ အနေဖြင့် လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အခက်အခဲများ ရှိနေကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်သော ကော်သူးလေတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေတပ်မတော်မှာ ကရင်ပြည်သူ့တပ်မတော်အနေဖြင့် ရပ်တည်သွားမည်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်သည် အထိ တပ်မတော်ကို အမြစ်ပြတ် ခြေမှုန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

KNLA ၏ ထုတ်ပြန်ချက်

အလားတူ ဇူလိုင် ၂၀ ရက်က ပြုလုပ်ခဲ့သည့် KNU ၏ အရေးပေါ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှ စောနယ်ဒါးမြအား KNU မှ ထုတ်ပယ်ကြောင်းနှင့် ၎င်း၏ လုပ်ရပ်များသည် KNU နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

မန်းအောင်ပြည်စိုးက “ကျနော်အထင်တော့ ညှိနှိုင်းဖို့တောင် လွယ်ပါ့တော့မလား သူတို့ အချင်းချင်းက ညှိနှိုင်းဖို့ မလွယ်ဘူး ဆိုလို့ရှိရင် ဟိုတုန်းကလို ဆန်းအောင်တို့၊ ကျော်သက်တို့လို ခွဲထွက် DKBA ဘာညာ အခုလည်း ခွဲထွက် KNDO ဖြစ်မလား တော့ မပြောတတ်ဘူးပေါ့။

ကျနော်တို့ကတော့ ညှိနှိုင်းဆောင်ရွက်လို့ ပြေလည်တယ်ဆိုရင် ကျနော်တို့ ဝမ်းသားတာပေါ့ဗျာ။ ဒါပေမဲ့ လွယ်ပါတော့ မလားဆိုတဲ့ အပိုင်းတော့ စိုးရိမ်စိတ်ရှိတာပေါ့” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် ကရင်ပြည်နယ်ခြားစောင့်တပ် (BGF) စသည့် အဖွဲ့အစည်းများ ရှိသည်။