CNI International News

ကင်ရှာဆာ၊ ဇွန်လ ၃၀

ကွန်ဂိုနိုင်ငံအတွင်းရှိ M23 သူပုန်အဖွဲ့သည် နိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် စစ်ရေးတိုးမြှင့်နေပြီး အစိုးရတပ် အသွင်ယူ လုပ် ဆောင် နေမှုများကြောင့် အရပ်သားများကို အကာအကွယ် ပေးနေသည့် ကုလသမဂ္ဂ (UN) တပ်များအပေါ် ခြိမ်းခြောက်မှု ရှိလာနိုင်ကြောင်း ကွန်ဂိုဆိုင်ရာ UN အထူးသံတမန်က ဇွန်လ ၂၉ ရက်တွင် သတိပေးခဲ့သည်။

M23 သူပုန်များ အပါအဝင် အခြား လက်နက်ကိုင်များနှင့်ပတ်သက်၍ ကွန်ဂိုနှင့်ရဝမ်ဒါ အိမ်နီးချင်းများအကြား စစ်မက်ဖြစ်ပွား လာမည်ကို စိုးရိမ်မှု တိုးနေချိန်၌ ဒေသတွင်း တင်းမာနေမှုများကို ဖြေရှင်းရန် UN သံတမန် ဘင်ဒူးကီတာ (Bintou Keita) က UN လုံခြုံရေးကောင်စီသို့ တိုက်တွန်းခဲ့သည်။

အင်ဂိုလာနိုင်ငံ၏မြို့တော် လွမ်ဒါတွင် အင်ဂိုလာသမ္မတ ဂျိုအာလွမ်ရန်ကိုမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိပ်သီး အစည်းအဝေးတွင် ကွန်ဂိုနှင့် ရဝမ်ဒါတို့၏ သဘောထား ကွဲလွဲမှုများမှုကို ဖြေရှင်းဖို့ အခွင့်အရေးအား အမိအရ ဆုတ်ကိုင်ကြ ရန် ဘင်ဒူးကီတာက ဆက်လက် တိုက်တွန်း ပြောကြားခဲ့သည်။

ရဝမ်ဒါနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကွန်ဂိုနိုင်ငံ အရှေ့ခြမ်းသည် ဒေသတွင်း သယံဇာတတွင်းထွက် ကြွယ်ဝလှသဖြင့် လက်နက်ကိုင်အဖွဲ့ ဆယ်ဂဏန်းမျှ၏ နေ့စဉ်ခြိမ်းခြောက်မှု ခံနေရသည်။ ယင်းဒေသတွင် လျှပ်စစ် မော်တော်ယာဉ်များ၊ အိတ် ဆောင် ကွန်ပျူတာ (Laptop) နှင့် မိုဘိုင်းလ်ဖုန်းများအတွက် အဓိကလိုအပ်သော သတ္တုပစ္စည်းများကို ထုတ်ယူ၍ ကမ္ဘာသို့ တင်ပို့ရောင်းချနိုင်သည်။

M23 သူပုန်တပ်ဖွဲ့ကိုတွေ့ရစဉ်(AP)

နာမည်ဆိုးဖြင့် ကျော်ကြားသည့် သူပုန်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သော M23 သည် ၂၀၂၂ ခုနှစ်အတွင်း စတင်လှုပ်ရှားနေခဲ့ပြီး ကွန်ဂို အရှေ့ခြမ်းရှိ အရေးပါသော ကုန်သွယ်ရေးမြို့တစ်မြို့ကို ယခုဇွန်လအတွင်း သိမ်းယူခဲ့သည်။
M23 သူပုန်အဖွဲ့ကို ရဝမ်ဒါ ထောက်ခံနေသည်ဟု ကွန်ဂိုအစိုးရက စွပ်စွဲထားပြီး ရဝမ်ဒါကလည်း ထိုစွပ်စွဲချက်ကို ပယ်ချခဲ့ သည်မှာ ကြာပြီဖြစ်သည်။ အဆိုပါ တစ်နိုင်ငံချင်းစီကလည်း မကြာသေးမီက လက်နက်ကိုင်တပ်များ ကျူးကျော် ဝင်ရောက် မှုများနှင့် ပတ်သက်၍ အပြန်အလှန် ပုတ်ခတ်နေခဲ့ကြသည်။

ထို့နောက် ဇွန်လ ၂၀ ရက်က ကင်ညာနိုင်ငံ၏မြို့တော် နိုင်ရိုဘီတွင် အာဖရိကခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့ရာ ကွန်ဂိုအရှေ့ခြမ်း ဒေသဆိုင်ရာ တပ်ဖွဲ့အသစ်တစ်ခု ဖြန့်ချ၍ ချက်ချင်း အပစ်အခတ်ရပ်စဲရန် အမိန့်ထုတ်ပြန်ခြင်းအားဖြင့် စစ်ရေးအရ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဆွေးနွေးခဲ့ကြသေးသည်။

“လတ်တလော ပစ်ခတ်တိုက်ခိုက်မှုများအတွင်း M23 အဖွဲ့သည် သမရိုးကျ လက်နက်ကိုင် တပ်ဖွဲ့များထက် အစိုးရတပ် အသွင်ယူ၍ တိုးမြှင့်လှုပ်ရှားနေကြောင်း” လုံခြုံရေးကောင်စီထံသို့ UN အထူးသံတမန် ဘင်ဒူးကီတာက တင်ပြခဲ့သည်။

Source: AP