CNI International News

ဂိုမာ၊ ဒီဇင်ဘာ ၁၇

ကွန်ဂိုနိုင်ငံအရှေ့ပိုင်း ဂိုမာ(Goma)မြို့သို့ ဝင်ရောက်လာသော ပင်မကုန်သွယ်ရေးလမ်းကြောင်းများကို M23 သူပုန်များက ဖြတ်တောက်ခဲ့သည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။

ယင်းကြောင့် မြို့တွင်းရှိ ကုန်ဈေးနှုန်းများမှာ မြင့်တက်လာခဲ့ပြီး နောက်ထပ်ထိုးစစ်ဆင်မှုများက စီးပွားရေးအပေါ် ထိခိုက်မှုရှိလာနိုင်သည်ကိုလည်း စိုးရိမ်မှုများ ရှိလာသည်။

တွတ်ဆီ(Tutsi)လူမျိုးများဦးဆောင်သည့် M23 အဖွဲ့သည် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော်လည်း ပြီးခဲ့သော နှစ် နှောင်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများပြန်လည်စတင်ခဲ့ကာ ကီဝူ(Kivu) ပြည်နယ်မြောက်ပိုင်း နယ်မြေများစွာ ကို သိမ်းပိုက်ခဲ့သည်။ သူပုန်အဖွဲ့သည် ပြီးခဲ့သည့်လတွင် ဂိုမာမြို့အနီး ကီလိုမီတာ အနည်းငယ်အကွာအထိ ရောက်ရှိလာနိုင်ခဲ့သည်။

Goma လေဆိပ်ကို ကွန်ဂိုနှင့် ကင်ညာတပ်များက စောင့်ကြပ်ခဲ့စဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ဂိုမာမြို့သည် လူ ၁ သန်းကျော်နေထိုင်သည့် စီးပွားရေးအချက်အခြာမြို့တစ်ခုဖြစ်ကာ ရဝမ်ဒါနိုင်ငံ၏ နယ်စပ်တွင် ရှိသည်။ M23 အဖွဲ့က ဂိုမာမြို့တွင်းသို့ မြောက်ဘက်မှ ဆက်သွယ်ထားသည့် RN2 အဝေးပြေးလမ်းမကို ဖြတ်တောက်ထားသည့်အတွက် ကီဝူမြောက်ပိုင်းရှိ ရတ်ရှုရူ (Rutshuru) ပြည်နယ်မှ လယ်ယာထွက်ပစ္စည်းများ ဝင်ရောက်လာမှုကိုလည်း ပိတ်ဆို့ထားသည်။

ယခုဖြစ်ရပ်များမတိုင်ခင် အိမ်နီးချင်းရဝမ်ဒါမှ ကုန်စည်တင်သွင်းမှုများသည်လည်း RN2 မှ ဂိုမာသို့ဝင်ရောက် လာရခြင်းဖြစ်သောကြောင့် ယခုဖြစ်ရပ်များက ကုန်စည်စီးဆင်းမှုကို ဆိုးရွားလာစေသည်။ ကွန်ဂိုနိုင်ငံတွင်း ချက်ရေးပြုတ်ရေးတွင် အများဆုံးအသုံးပြုသော လောင်စာဈေးနှုန်းများမှာ မကြာသေးခင်ကာလအတွင်း သိသိသာသာ မြင့်တက်လာသည်ဟု မီးသွေးကုန်သည်တစ်ဦးက ပြောသည်။ ဈေးကိုပြောလိုက်ချိန်တွင် ဝယ်သူ အားလုံးမှာ ပြန်လည်ထွက်ခွာသွားတော့သည်ဟုလည်း ဂိုမာမြို့မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

လက်နက်ကိုင်များကြောင့် ဂိုမာမြို့တွင်းသို့ ရောက်ရှိနိုင်ရန်အတွက် ပိုမိုရှည်လျားသော လမ်းကို ဖြတ်သန်း သွားလာရသည့်အတွက် မီးသွေးကုန်လမ်းကြောင်းများသည်လည်း ပိုမိုရှည်လျားလာသည်။

 မီးသွေးသည်တစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ကျောင်းလခ မပေးနိုင်သောကြောင့် ကလေးများကို ကျောင်းသို့ပင်မပို့နိုင်တော့ဟု သားသမီး ၈ ဦး၏ မိခင်ဖြစ်သူ က ပြောသည်။

သို့သော် ကီဝူရေကန်၏ တခြားတစ်ဖက်တွင်ရှိသော ဘူကာဝူ (Bukavu) မြို့မှ လှေများ ဂိုမာမြို့သို့ ဝင်ရောက် နိုင်နေဆဲဖြစ်ပြီး ရဝမ်ဒါမှ ကုန်စည်များသည်လည်း ဆက်လက်ဝင်ရောက်နေဆဲပင်ဖြစ်သည်။ ကွန်ဂိုပြည်တွင်း၌မူ ဂိုမာမြို့သို့ ဝင်ရောက်သည့် အနောက်ဘက်လမ်းကြောင်းတစ်ခုသာ အသုံးပြု၍ရဆဲဖြစ်သောကြောင့် ကုန်သွယ်မှု အရေအတွက် လျော့ကျသွားကာ ဈေးနှုန်းများလည်းကြီးမြင့်လာသည်။

အစိုးရကို ဖိအားပေးရန်အတွက် M23 ဘက်မှ အဆိုပါလမ်းကြောင်းကိုပင် ပိတ်လာနိုင်ခြေရှိသည်ကိုလည်း စိုးရိမ်မှုများရှိနေသည်။

သူပုန်အဖွဲ့သည် ဂိုမာမြို့အနောက်ဘက် မာစီစီ (Masisi) ဒေသကိုပင် သိမ်းယူရန်ရည်ရွယ်ထားသည်ဟု ကွန်ဂို သုတေသီတစ်ဦးကပြောဆိုထားပြီး ဂိုမာမြို့အတွက် လူသားခြင်းစာနာမှုဆိုင်ရာ အကာအရံတစ်ခု မဖန်တီးပေး နိုင်လျှင် ယင်းသည် ကပ်ဘေးတစ်ခုဖြစ်လာနိုင်သည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

Source:Bangkokpost