CNI International News

တီဟီရန်၊ မေလ ၁၆

အီရန်နိုင်ငံ၌ စားနပ်ရိက္ခာရှားပါး၍ ကုန်ဈေးနှုန်းများ တက်လာခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံး ခဲ့ကြောင်း ဒေသတွင်းမီဒီယာများကို ကိုးကားလျက် အာရ်တီသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

တီဟီရန်(အီရန်)အစိုးရ တာဝန်ရှိသူများကတော့ အဆိုပါ ဖြစ်စဉ်များ၌ အသေအပျောက် ရှိနိုင်ခြေကို အတည်ပြု မထုတ်ပြန်ပေ။

ယခု သီတင်းပတ် အစောပိုင်းတွင် သမ္မတ အီဘရာဟင်ရိုင်စီက ကြေညာခဲ့သည့် ခြိုးခြံချွေတာရေး အစီအစဉ်၏ တစိတ်တပိုင်း အနေဖြင့် အစားအသောက် တင်သွင်းမှုဆိုင်ရာငွေကြေးကို ဖြတ်တောက်ရန် အစိုးရ၏ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။

သမ္မတ၏ အစီအစဉ်သည် ပိတ်ဆို့ အရေးယူမှုများကြောင့် ယိုယွင်းလာသော စီးပွားရေးကို ကယ်တင်ရန် ရည်ရွယ်သည့်အပြင် ယူကရိန်းပဋိပက္ခကြောင့် ပိုမိုဆိုးရွားလာသည့် ငွေကြေးဖောင်းပွမှုကိုလည်း ပြန်လည်ဦးမော့လာဖို့ ရည်ရွယ်သည်။

ထောက်ပံ့ကြေးများ ဖျက်သိမ်းလိုက်ခြင်းကြောင့် ဟင်းချက်ဆီ၊ ကြက်သား၊ ဥနှင့် နို့ထွက် ပစ္စည်းကဲ့သို့ နေ့စဉ်စားသောက်ကုန် ဈေးများ အလွန်အမင်း ခုန်တက်သွားခဲ့သည်။

ငွေကြေးဖောင်းပွမှု ဂယက်ကြောင့် ဝင်ငွေနည်းသော နိုင်ငံသားများကို လစဉ်လက်ငင်း ငွေထုတ်ပေးမည်ဟု အီရန်အစိုးရက ကတိပြုခဲ့သော်လည်း မျက်မှောက်ကာလ အခြေအနေများကြောင့် နိုင်ငံတဝန်း စားသောက်ကုန် ရောင်းချသော ဆိုင်များရှေ့ တွင် လူများတန်းစီ၍ အခြေခံ စားသောက်ကုန်များကို အပင်ပန်းခံ ဝယ်ယူစားသုံးနေရသည်။

အီရန်သမ္မတ(GETTY IMAGES)

ဒိုရက် (Dorud) ၊ ဂျိုးနီဂန် (Jooneghan) ၊ ဘိုရူဂျက် (Borujerd) စသည့် အီရန်မြို့ကြီးများတွင် အစိုးရဆန့်ကျင်ရေး ချီတက် ပွဲများ ပေါ်ပေါက်လာခဲ့သည်။ အချို့လူစုလူဝေးများသည် ရုန်းရင်းဆန်ခတ်ဖြင့် ကုန်စုံဆိုင်များကို မီးတင်ရှို့ကြသည်။

မေလ ၁၃ ရက်ကတည်းက စတင်ခဲ့သော ဆန္ဒပြမှုများအတွင်း လူ ၅ ဦး သေဆုံးခဲ့ကြောင်း အတည်မပြုနိုင်သော ဗွီဒီယိုဖိုင် တစ်ခုကို ကိုးကားလျက် ဆော်ဒီအာရေဗျငွေကြေးဖြင့် ထုတ်လွှင့်နေသော အီရန်နိုင်ငံတကာသတင်းဌာနက ဖော်ပြခဲ့သည်။

ဆန္ဒပြမှု ဖြစ်စဉ်များကြောင့် လူပေါင်းဆယ်ဂဏန်း ဖမ်းဆီးထားကြောင်း IRNA သတင်းဌာနက ပြောကြားခဲ့သော်လည်း အသေအပျောက် စာရင်းကိုမူ မထုတ်ပြန်ခဲ့ပေ။

အီရန်နိုင်ငံတွင် တရားဝင် ငွေကြေးဖောင်းပွနှုန်းမှာ ၄၀ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိနေပြီး နိုင်ငံ၏လူဦးရေ ၈၂ သန်း၏ ထက်ဝက်နီးပါးသည် ယခုအခါ ဆင်းရဲနွမ်းပါးမှု ညွှန်းကိန်းမျဉ်းအောက်သို့ ကျဆင်းနေကြသည်။

ဖေဖော်ဝါရီလကုန်ပိုင်း၌ ယူကရိန်းကို ရုရှားကျူးကျော်မှု စတင်ခဲ့ပြီးနောက် စားသောက်ကုန် ဈေးနှုန်းများ နိုင်ငံတကာ ဈေးကွက်ထဲ၌ တဟုန်ထိုး တက်လာခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

Source: အာရ်တီသတင်းဌာန