CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၆

မြန်မာပြည်သူများ၏ သဘောထားနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာခြင်းအတွက် အာဆီယံ အဖွဲ့အစည်း၏ ကြိုးပမ်းအားထုတ်မှုများကို မိမိတို့ ဆက်လက် အားပေးထောက်ခံပါသည်ဟု ယနေ့ (မေလ ၁၆ ရက်) အမေရိကန်-အာဆီယံ ပူးတွဲ ထုတ်ပြန်ခဲ့သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် မေလ ၁၂ ရက်က အိမ်ဖြူတော်မှာ အာဆီယံ ခေါင်းဆောင်များကို ကြိုဆို ဧည့်ခံ၍ အမေရိကန်-အာဆီယံ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီးနောက် ယခုလို ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်-အာဆီယံ ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့်ပတ်သက်ပြီး မိမိတို့ အလွန်စိုးရိမ်ပူပန် လျက်ပင်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ကျင်းပသည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးမှ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို အလေးပေး ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဘုံသဘောတူညီ ချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန်နှင့် ပြည့်ပြည့်ဝဝ အကောင်အထည် ဖော်ဆောင်ရန် တိုက်တွန်းပါကြောင်း ဖော်ပြထားသည်။

အမေရိကန်-အာဆီယံ ပူးတွဲထုတ်ပြန်ချက်တွင် “ သက်ဆိုင်သူ အားလုံးနှင့် အပြည့်အဝ တွေ့ဆုံနိုင်ရန်အတွက် စိတ်ချယုံ ကြည်မှုကို တည်ဆောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို အရေးပေါ် လိုအပ်နေ သူများ အပါအဝင် မြန်မာပြည်သူများထံသို့ ခွဲခြားမှုမရှိဘဲ ထိထိရောက်ရောက် ပို့ဆောင်နိုင်ရေးတို့အတွက် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ဆောင်ရွက်မှုများ အပါအဝင် မြန်မာသူများ၏ သဘောထားနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာခြင်းအတွက် အာဆီယံအဖွဲ့အစည်း၏ ကြိုးပမ်းအားထုတ်မှုများကို မိမိတို့ ဆက်လက် အားပေး ထောက်ခံပါသည်”ဟု ပြောသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က တွေ့ဆုံစဉ်

ထို့နောက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့အတွက် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး မြန်မာ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံခြားသားများ အပါအဝင် ထိန်းသိမ်းထားသော နိုင်ငံရေး သမားများကို ပြန်လွှတ်ပေးရန်လည်း မိမိတို့ တောင်းဆိုပါသည်ဟု အမေရိကန်-အာဆီယံ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။

၎င်းပူးတွဲထုတ်ပြန်ချက်က “အာဆီယံ ပဋိညာဉ်တွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်း လူ့အခွင့်အရေးနှင့် အခြေခံကျ သော လွတ်လပ်ခွင့်များအပေါ် ဆက်လက် ထားရှိသည့် သံန္နိဋ္ဌာန်ကို ထင်ဟပ်စေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းလမ်းအတွက် မိမိတို့ အားလုံး၏ စုပေါင်းကြိုးပမ်းမှုများကို နှစ်ဆတိုး၍ ဆောင်ရွက်သွားပါမည်”ဟု ပြောသည်။

ယခုကဲ့သို့ အရေးပါသည့် ကြိုးပမ်းအားထုတ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းကို ရရှိစေရန် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ ၏ အနီးကပ် ပူးပေါင်းဆောင်ရွက်ကိုလည်း မိမိတို့ ကြိုဆိုပါသည်ဟု အမေရိကန်-အာဆီယံ ပူးတွဲကြေညာချက်တွင် ဖော်ပြ ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပရတ်ဆိုခွန် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်က တွေ့ဆုံစဉ်

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့ က လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့သည်။

အလားတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည်လည်း မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်က လာရောက်၍ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် နစကဥက္ကဋ္ဌ အပါအဝင် နိုင်ငံရေးပါ တီများ၊ နစက လက်အောက်ရှိ ဝန်ကြီးဌာနများ စသည်တို့ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ထို့နောက် ယခုလ (မေလ)အတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန် ဒုတိယအကြိမ် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။