CNI International News

နယူးယောက်၊ ဒီဇင်ဘာ ၁၁

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သာ အနိုင် ရရှိခဲ့မည်ဆိုပါက အမေရိကန်သည် နေတိုးအဖွဲ့မှ ထွက်ခွာသွားမည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း တာ့စ် သတင်းဌာနမှ ဖော်ပြခဲ့သည်။ 

ထရမ့်သာ အာဏာပြန်ရလာခဲ့ပါက ယူကရိန်းကို စွန့်ပစ်ရုံသာမက နေတိုးမဟာမိတ်အဖွဲ့ထဲမှ အမေရိကန်ကို နုတ်ထွက်စေသည်အထိ ဖြစ်လာနိုင်မည့်အရေးကို နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများနှင့် သံတမန်များက စိုးရိမ်နေကြောင်း အမေရိကန်၏ The New York Times သတင်းစာက ဖော်ပြခဲ့သည်။ 

"ထရမ့်သာ ဒုတိယအကြိမ် အာဏာပြန်ရလာပြီး အမေရိကန်ကို နေတိုးအဖွဲ့ထဲက ထုတ်ပစ်ခဲ့မယ်ဆိုရင် အဲဒါဟာ ဥရောပအတွက် ကြီးမားတဲ့ အကြောက်တရားတစ်ခု ဖြစ်လာနိုင်ပါတယ်" ဟု ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြား နေတိုး၏ တပ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဂျိမ်းစ် စတက်ဗ်ရီဒစ် (James Stavridis) ၏ ပြောကြားချက်ကို ကိုးကားပြီး  The New York Times သတင်းစာက ဖော်ပြခဲ့သည်။

နေတိုးခေါင်းဆောင်များနဲ့ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

"အဲဒါဟာ ကျနော်တို့ နိုင်ငံရဲ့ အကြီးမားဆုံး မဟာဗျူဟာနဲ့ သမိုင်းဝင် ကျရှုံးမှုတစ်ခု ဖြစ်လာပါလိမ့်မယ်"ဟု စတက်ဗ်ရီဒစ်က ပြောကြားခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲတွင် ထရမ့်သာ အနိုင်ရရှိမည်ဆိုပါက အမေရိကန်၏ သေချာမှုမရှိသည့် မူဝါဒအပေါ် ဥရောပနိုင်ငံအများစုက စိုးရိမ်နေကြောင်း၊ သေးငယ်သည့် နိုင်ငံများသည် အမေရိကန်လက်နက်များ ဝယ်ယူမှုကို ပိုမိုတိုးမြှင့်ခြင်းဖြင့် ထရမ့်၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။ 

အမေရိကန်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် သမ္မတရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ 

ယခုနှစ် ဧပြီလ ၂၅ ရက်တွင် အမေရိကန်၏ ၄၆ ဦးမြောက်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ထရမ့်ကမူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတည်းက သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Source: တာ့စ်