CNI International News

ဘာမာကို ဧပြီ ၂၃

မာလီနိုင်ငံမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုအနီးတွင် လူသေအလောင်းများကို ရုရှားကြေးစားစစ်သားများ မြှုပ်နှံနေသည့် ဗီဒီယိုဖိုင်တစ်ခုကို ပြင်သစ်စစ်တပ်က ထုတ်ပြန်ခဲ့ရာ ယင်းမြှုပ်နှံထားခြင်းသည် ယခုသီတင်းပတ် အစောပိုင်း၌ မာလီတပ်ဖွဲ့များထံသို့ အဆိုပါစခန်းလွှဲပြောင်းခဲ့သော ပြင်သစ်အပေါ် သိက္ခာချသည့် စစ်ဆင်ရေး တစိတ်တပိုင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဝေဟင်မှ ပြင်သစ်စစ်တပ်ရိုက်ကူးခဲ့သောပုံများအနက် မာလီမြောက်ပိုင်း ဂေါစီစစ်စခန်း၏ အရှေ့ဘက် ၄ ကီလိုမီတာ (၂ဒသမ၅မိုင်) အကွာတွင် မာလီလူမျိုးရုပ်အလောင်းတစ်ဒါဇင်ခန့်ကို ရုရှား(ကော့ကေးဆပ်)ကြေးစားစစ်သားများက သဲများဖုံးလွှမ်း၍ မြှုပ်နှံနေပုံအား မြင်တွေ့ရကြောင်း အမည်မဖော် လိုသူ ပြင်သစ်စစ်အရာရှိတစ်ဦးက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါနေရာကို စစ်သားတစ်ဦးက ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်ဟု ယူဆရကြောင်း၊ ဗီဒီယိုဖိုင်ထဲတွင် ပါဝင်သည့် စစ်သားများသည် Wagner Group မှ ကော့ကေးဆပ်(ရုရှား)ကြေးစားစစ်သားများဟု ခန့်မှန်းရကြောင်း ၎င်းပြင်သစ်အရာရှိက ဆက်လက်ပြောကြားခဲ့သည်။ အလောင်းပုံများပါရှိသော တွစ်တာပို့စ်အများအပြားကို ရုရှားလိုလားသည့် account များ (သို့မဟုတ်) Wagner Group မှ ဖန်တီးထားသည့် account အတုများတွင် လွှင့်တင်ထားကြောင်း ၎င်းက အေပီသို့ ရှင်းပြခဲ့သည်။

 

 

ပြင်သစ်နဲ့မာလီစစ်သားများကိုတွေ့ရစဉ်(GETTY IMAGES)

 

ထိုသို့လုပ်ဆောင်၍ မာလီနိုင်ငံအတွင်း သတ်ဖြတ်မှုများနှင့် မြှုပ်နှံသင်္ဂြိုဟ်မှုများအတွက် ပြင်သစ်ကို အပြစ်တင်စရာဖြစ်အောင် ဖန်တီးခဲ့ကြောင်း ပြင်သစ်ဘက်မှ ပြောကြားခဲ့သည်။

Wagner Group မှ ဖန်တီးထားသည်ဆိုသည့် Dia Diarra အမည်ရှိ account ၏တွစ်တာပို့စ်တစ်ခုတွင် “ပြင်သစ်တို့သည် ဂေါစီစစ်စခန်းမှ ထွက်ခွာသွားချိန်တွင် ယခုဖြစ်ရပ်များ ကျန်ခဲ့ကြောင်း၊ ယခု ပြသသည့် အကြောင်းအရာများသည် ၎င်းတို့ထွက်ခွာသွားပြီးနောက် ရိုက်ထားသော ဗီဒီယိုဖိုင်မှ ကောက်နုတ်ချက် ဖြစ်ကြောင်း၊ ထိုသို့လုပ်ရပ်များကို မိမိတို့ နှုတ်ဆိတ်နေ၍မဖြစ်ကြောင်း” ရေးသားထားသည်။

ပြင်သစ်စစ်တပ်သည် မာလီနိုင်ငံထဲရှိ ဂေါစီစစ်စခန်းကို မာလီတပ်ထံသို့ ဧပြီ ၁၉ ရက်တွင် လွှဲပြောင်းပေးခဲ့ရာ လုံခြုံမှုရှိပြီး ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျဖြစ်ကြောင်း ပြင်သစ်က အခိုင်အမာပြောကြားခဲ့သည်။ ထိုနေ့ ညနေပိုင်းတွင် ပြင်သစ်ထောက်လှမ်းရေးစနစ်ဖြင့် Wagner Group အုပ်စုမှ ဖြစ်နိုင်ခြေအရှိဆုံး ကော့ကေးဆပ် တပ်ဖွဲ့ဝင်များကို စောင့်ကြည့်ခဲ့ကြောင်း၊ မာလီတပ်မှ တပ်ခွဲအဖွဲ့တစ်ဖွဲ့ ဂေါစီစခန်းသို့ ရောက်ရှိလာပြီး စက်ပစ္စည်းများ သယ်ဆောင်လာခဲ့ခြင်းသာ ရှိကြောင်း ပြင်သစ်၏လျှို့ဝှက်အစီရင်ခံစာတစ်စောင်ကို ကိုးကားလျက် အေပီက ဆက်လက်ရေးသားထားသည်။

မာလီစစ်တပ်မှ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဆော်လေမန်ဒမ်ဘီလီက “စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို ဂေါစီစခန်းသို့ စေလွှတ်ထားကြောင်း၊ ယခုကိစ္စအပေါ် တုံ့ပြန်ရန် ၎င်းတို့အတွက် စောနေသေးကြောင်း” ပြောကြားခဲ့သည်။

 

Source: AP