CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာအဝင်တွင် တပ်မတော်၏ စစ်ကားတစ်စီးကို ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ ဩဂုတ် ၈ မွန်းလွဲ ၂ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ့်တောကျေးရွာ နှင့် အထက်တောင်ပေါ်ကျေးရွာတွင် စခန်းချထားသည့် တပ်မတော်မှ ဗျူဟာမှူးကိုယ်တိုင် ကားသုံးစီးနှင့် ဟဲဖက်သို့ အသွားတွင် မိုင်းကွဲပြီး ကားတစ်စီးမီးလောင်ကာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုရှိသည်ဟု SNA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက CNI သတင်းဌာနကို ပြေသည်။

“မနေ့ကတည်းက သူတို့ ဗျူဟာမှူး ကိုယ်တိုင်လာပြီးတော့မှ နမ့်တော အထက်တောင်ပေါ်ကုန်းမှာ ထိုင်ပြီးတော့မှ ဒီနေ့ နေ့လည်လောက်ကပဲ သူတို့ ကားသုံးစီးနဲ့ နမ့်တော၊ တောင်ပေါ်ကနေ ကားနဲ့လာခဲ့တာ။ မိုင်းမိတာပေါ့လေ။ အဲကား ကားသုံးစီး၊ သုံးစီးစလုံးတော့ မထိဘူး။ နှစ်ယောက်ကျတယ်။ ငါးယောက် ဒဏ်ရာရရှိတယ်” ဟု ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာတွင် နေထိုင်သူတချို့ကတော့ ပစ်ခတ်သံများကြားရပြီး အသေးစိတ်ကိုတော့ မသိဘူးဟု ပြောသည်။

လတ်တလောတွင် ဟုမ္မလင်းမြို့နယ်မှာ တပ်မတော်မှ ထိုးစစ်ဆင်မှုများ ပြုလုပ်လာခြင်းကြောင့် နယ်မြေတည်ငြိမ်မှုအားနည်းလာပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ဆိုသည်။

“အဓိကတော့ သူတို့ (တပ်မတော်) က ပြန်ပြီးတော့မှ ထိုးစစ်ပြန်ဆင်လာတာ၊ သူတို့ ဗျူဟာမှူးကိုယ်တိုင်လာတဲ့ သဘောမှာရှိတယ်။ အဓိကတော့ နယ်မြေထဲမှာ တည်ငြိမ်မှုတော့ နည်းပါးလိမ့်မယ်။ ဒီအချိန်မှာ သူတို့ စစ်ကြောင်းတွေ ဝင်လာရင် ထိတွေ့မှုတွေ ပိုများလိမ့်မယ်” ဟု ဗိုလ်မှူကြီးဆေစိုင်းထွန်းက ပြောသည်။

ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ၁၉၈၉ ခုနှစ်က ဖွဲ့စည်းထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်လှုပ်ရှားလျက်ရှိရာကနေ တဖြည်းဖြည်း အင်အားကြီးထွားလာသည့် တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီး၊ ဟုမ္မလင်း၊ တမူးနှင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်လှုပ်ရှား လျက်ရှိသလို ကချင်ပြည်နယ်အတွင်းက မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ ဟောင်ပါး၊ ဖားကန့် စသည့် ဒေသများတွင်လည်း လှုပ်ရှားနေကြောင်း သိရသည်။

#စစ်ကိုင်းတိုင်းဒေသကြီး

#ဟုမ္မလင်းမြို့နယ် 

#တပ်မတော်

#ရှမ်းနီအမျိုးသားတပ်မတော် (SNA)

#ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဆေစိုင်းထွန်း

#CNI myanmar

#ChannelNewsIndependent