CNI News

၂၀၂၁ခုနှစ်၊ သြဂုတ် ၈ရက်

စစ်ဘေးရှောင် ဒုက္ခသည် လူဦးရေ ၆သောင်းကျော်ရှိသည့် ရခိုင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ယနေ့အထိ ထောက်ပံ့ပေးနေသည့် ရိက္ခာများ ပုံမှန်မရောက်ရှိသောကြောင့် ရိက္ခာနည်းပါး ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း သိရသည်။

ဒုက္ခသည်စခန်းများအား အကူအညီပေးနေသည့် အဖွဲ့အစည်းများသည် လက်ရှိတွင် ဘဏ်များမှ ငွေထုတ်ယူရန် အခက်အခဲများရှိနေသောကြောင့် ယခုကဲ့သို့ ရိက္ခာထောက်ပံ့မှုများ ပြတ်လပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“စားနပ်ရိက္ခာပြတ်တယ်ဆိုတာက ပုံမှန်ထောက်ပံ့ကူညီပေးနေတဲ့ UNHCR နဲ့ WFP က ဒီငွေထုတ်တာခက်တယ်ဆိုပြီးတော့မှ နောက်ကျနေတာပေါ့နော်။ အဲ့တော့ အခုလိုနောက်ကျနေတဲ့ကာလမှာ သူတို့အနေနဲ့ ဒီလူကယ်ပြန်ဌာနကထောက်ပံ့တဲ့ ဆန်တို့တွေပဲ ရှိတာပေါ့လေ။ ရှိတော့ သူတို့မှာလည်း အပြင်ကိုထွက်ပြီးတော့ ရှာလို့မရတဲ့အခါကျတော့ စားနပ်ရိက္ခာဘက်မှာ အခုလို ပြတ်လပ် ပြတ်တောက်နေတာဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအား ထောက်ပံ့ပေးရာတွင် အစိုးရ၏ အစီအစဉ်ဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ ဆန်ရိက္ခာ သီးသန့်ထောက်ပံ့ပေးကာ NGO အဖွဲ့တို့သည် မြို့နယ်များခွဲကာ ဆန်နှင့် အခြားစားသောက်ကုန်များအား ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများတွင် စားနပ်ရိက္ခာနည်းပါးပြတ်လပ်မှုများအပြင် ရေကြီးမှုဖြစ်ပွားခဲ့သည့်အတွက် ၎င်းတို့နေထိုင်ရာနေရာများတွင် အဆင်မပြေမှုများဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဆေးဝါးများ လိုအပ်ကြောင်း သိရသည်။

ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ယခုကဲ့သို့ ရောဂါကူးစက်မှု မပြင်းထန်ကာ ကူညီထောက်ပံ့သည့်သူများလည်း များပြားပြီး အဆင်ပြေချောမွေ့ခဲ့ကြောင်း ၎င်းကဆိုသည်။

“ဒါပေမယ့် အခုတစ်ကြိမ်မှာကျတော့ ကူးစက်မှုတွေလည်းများတယ်။ နောက်တစ်ခါ ပံ့ပိုးကူညီမှုကျတော့လည်းပဲ အကျပ်အတည်းပဲ။ ဒါကြောင့် ပုံမှန်ကူညီထောက်ပံ့နေကျအဖွဲ့တွေကလည်း မထောက်ပံ့နိုင်တာတွေရှိတယ်။ ဒေသခံအဖွဲ့အစည်းတွေဆိုလည်း အခုကငွေရေးကြေးရေး အကျပ်အတည်းက အရမ်းကိုများကြတဲ့အတွက် အရင်လို ထောက်ပံ့ကူညီမှုတွေက မလုပ်နိုင်ကြဘူးလေ။ အဲ့တော့ ထောက်ပံ့ကူညီပေးတဲ့အနေအထားဟာ အရမ်းကို နည်းပါးသွားတာကိုတွေ့ရပါတယ်” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ အသက် ၆၅နှစ်နှင့်အထက်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး စစ်ရှောင်စခန်းအချို့မှ အသက်၆၅နှစ်နှင့်အထက်တို့လည်း ကာကွယ်ဆေးထိုးပြီးပြီဖြစ်သော်လည်း ကာကွယ်ဆေးအကုန်မရောက်သေးသည့်အတွက် အချို့စစ်ဘေးရှောင်စခန်းများတွင် ကာကွယ်ဆေးမထိုးရသေးကြောင်း သိရသည်။