CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားသူ သုံးဦးကို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)က သေ ဒဏ်ပေးလိုက်ကြောင်း NSCN-K ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဂျူလိုင်ထောင်းက CNI သတင်းဌာနသို့ ပြောသည်။


NSCN ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးတပ်က မူးယစ်ဆေးဝါးများ တင်သွင်းနေကြောင်း သတင်းများရရှိ ၍ သွားရောက်ဖမ်းဆီးရှာဖွေခဲ့ရာ ဘိန်းဖြူဆပ်ပြာခွက် (၄၅၁)ခွက်၊ ကာလတန်း ဖိုး ကျပ်သိန်းပေါင်း နှစ်ထောင် ကျော် ၂၀,၂၉၅၀,၀၀၀) နှင့် PAJERO (၁)စီးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး သြဂုတ် ၆ ရက်က မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ထုတ်ပြန်ထားသည်။
ထိုအမှုကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ ဒုံဟီးနယ်မြေရဲစခန်း(နန်းယွန်းတွဲ)မှ ရဲတပ်ကြပ်ဝေယံဟိန်း အပါအဝင် ရှင်ဗွေယန်မြို့၊ ရပ်ကွက်(၂)နေ ဦးနေမျိုးသူရ နှင့် ရှင်ဗွေယန်မြို့၊ ရပ်ကွက်(၂)နေ ဦးကျော်မျိုးလှိုင် တို့အား စစ်ဆေး မေးမြန်းခဲ့ရာ လူညွှန့်သုဉ်းစေသော မူးယစ်ဆေးဝါး(ဘိန်းဖြူ)များ အကြိမ်ကြိမ် ဖြန့်ဖြူးရောင်းချ ခဲ့ကြောင်း ဝန်ခံခဲ့ပါသဖြင့် ထိုတရားခံ (၃)ဦးအား အရေးယူစီရင်လိုက်ကြောင်း ထိုထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။

ပုံ- ဖမ်းဆီးရမိသည့် မူးယစ်ဆေးများကို NSCN က မီးရှို့ဖျက်ဆီးနေစဉ်

 

NSCN ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဂျူလိုင်ထောင်းက “ ကျနော်တို့ သူတို့ သုံးဦးစလုံးကို သေဒဏ်ပေးလိုက်တယ်၊ သူတို့နဲ့ဆက်စပ်ပြီးတော့လည်း ကျန်နေတဲ့ လူတွေကို စုံစမ်းရှာဖွေနေပါတယ်”ဟု ပြောသည်။


NSCN ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ကလည်း နောင်တွင် မူးယစ်ဆေးဝါး(ဘိန်းဖြူ)များ ရောင်း ဝယ်ခြင်း ၊ သုံးစွဲခြင်း ပြုလုပ်ပါက မည်သူမဆို ကြီးလေးသော ပြစ်ဒဏ်ချမှတ် စီရင်သွားမည်ဖြစ်ကြောင်း သတိ ပေးပါသည်ဟု ဆိုသည်။


ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်အောင်းကို လူညွန့်သုဉ်းစေသည့် မူးယစ်ဆေးဝါး ရောင်းချဖြန့်ဝေမှုဖြင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN)မှ သေဒဏ် ပေးခဲ့သေးသည်။


နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)သည် ၁၉၈၈ ခုနှစ်က ဦးကပ္ပလန်ဦးဆောင်၍ ထူထောင်ခဲ့သော နာဂ လက်နက်ကိုင်ဖြစ်ပြီး အိန္ဒိယ-မြန်မာ နယ်စပ် အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင် စသည့် မြို့နယ်များအတွင်း လှုပ်ရှားကာ နာဂပြည်ထောင်စု ထူထောင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။


အဆိုပါ နာဂလက်နက်ကိုင်သည် အိန္ဒိယအစိုးရကို အဓိက တော်လှန်တိုက်ခိုက်နေသော လက်နက်ကိုင် ဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွင်းရှိ နာဂဒေသများကို စုစည်း၍ နာဂ ပြည်ထောင်စု ထူထောင်နိုင်ရေး ရည်မှန်း ထားသည်။


လက်ရှိတွင် NSCN သည် မြန်မာအစိုးရနှင့် ၂၀၁၂ ခုနှစ်၊ ဧပြီလက တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral)ကို လက်မှတ်ရေးထိုးထားသည်။


#ဦးဂျူလိုင်ထောင်း #NSCN #နာဂဒေသ #မူးယစ်ဆေးဝါး #အထူးတပ်ဖွဲ့ #CNImyanmar #cninews