CNI International News

ပေကျင်း၊ ဧပြီ ၂၄

အမေရိကန်သည် ဒေသတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်စေရန် လုပ်ဆောင်နေသည်ဟု တရုတ်က စွပ်စွဲခဲ့ကြောင်း Daily Hunt သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အမေရိကန်သည် မကြာသေးမီက ဖိလစ်ပိုင်တွင် ကီလိုမီတာ ၁၆၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် လက်နက်များနှင့် အင်အားပြင်း ဒုံးပစ်လောင်ချာတစ်ခု ဖြန့်ကြက်ချထားခဲ့ပြီးနောက် ယခုလို တရုတ်က စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

Typhon system ဟုလည်း လူသိများသည့် အမေရိကန်ကြည်းတပ်၏ တာလတ်ပစ် MRC မြေပြင်အခြေစိုက် ဒုံးကျည်စနစ်ကို အမေရိကန်က အာရှ-ပစိဖိတ်ဒေသ၏ စစ်နယ်ဝန်းတွင် ပထမဆုံးအကြိမ် ဖြန့်ကြက် ချထားခြင်းလည်း ဖြစ်သည်။

ထိုပြင် အမေရိကန်နှင့် ဖိလစ်ပိုင်အကြား နှစ်စဉ်ပြုလုပ်နေကျ Balikatan စစ်ရေးလေ့ကျင့်မှုများ အပါအဝင် အခြား စစ်ရေး လေ့ကျင့်မှုများကို ဆက်တိုက် ပြုလုပ်နေချိန်တွင် အဆိုပါ ဒုံးကျည်စနစ်ကို ဖြန့်ကြက်ချထားခဲ့ခြင်း ဖြစ်သည်။

 အမေရိကန်ရဲ့ Typhon system စနစ် ဒုံးကျည်ကိုဖြန့်ကြက်ထားစဉ်

Typhon system သည် ကီလိုမီတာ ၃၇၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် Standard Missile 6 (SM-6) ပဲ့ထိန်းဒုံးကျည်နှင့် ကီလိုမီတာ ၁၆၀၀ အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် Tomahawk Land Attack ခရုဇ်ဒုံးကျည်များကို ပစ်ခတ်နိုင်ကြောင်း နိုင်ငံတကာမဟာဗျူဟာလေ့လာရေးစင်တာ (CSIS) မှ ဒုံးကျည် ကာကွယ်ရေး ပရောဂျက်က ထုတ်ပြန်ခဲ့သည်။

CNN သတင်းဌာန၏ ဖော်ပြချက်အရ ထိုဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုသည် တရုတ်၏ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်ဟု ဆိုထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) ကမူ အမေရိကန်သည် တစ်ဖက်သတ် စစ်ရေး အသာစီးရရှိစေရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် လင်ကျန်းက ဖိလစ်ပိုင်၌ အမေရိကန်၏ ဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုကို တရုတ်အစိုးရမှ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြေင်း ပြောကြားခဲ့သည်။

အမေရိကန်နဲ့ တရုတ် စစ်တပ်ကိုနှိုင်းယှဉ်ထားစဉ်

“အမေရိကန်အနေနဲ့ အခြားနိုင်ငံတွေရဲ့ လုံခြုံရေး စိုးရိမ်မှုတွေကို လေးစားဖို့၊ စစ်ရေးအရ ထိပ်တိုက်တွေ့မှု ဖြစ်အောင် လှုံ့ဆော်နေတာကို ရပ်တန့်ဖို့၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို လျော့ပါးစေအောင် လုပ်ဆောင်နေတာကို ရပ်တန့်ဖို့နဲ့ မဟာဗျူဟာမြောက် အန္တရာယ်တွေကို လျှော့ချနိုင်မယ့် ခိုင်မာတဲ့ လုပ်ဆောင် ချက်တွေကို ဆောင်ရွက်ဖို့ မိမိတို့ တိုက်တွန်းပါတယ်”ဟု လင်က ပြေကြားခဲ့သည်။

အမေရိကန်စစ်တပ်ကမူ ဧပြီ ၁၁ ရက်က စတင်ခဲ့သည့်  Salaknib စစ်ရေး လေ့ကျင့်မှုအတွက် ထိုဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုသည် ဒေသတွင်း စစ်ရေးစွမ်းဆောင်ရည်များအတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျွမ်းကျင်သူများကမူ ထိုဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုသည် အမေရိကန် အနေနှင့် တောင်တရုတ်ပင်လယ်၊ တရုတ် ပြည်မကြီးတောင်ပိုင်းနှင့် ထိုင်ဝမ်ရေလက်ကြား တစ်လျောက် တရုတ်၏ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည့် အကွာအဝေးတွင် လက်နက်များကို ထားရှိသည့် အရိပ်လက္ခဏာတစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Source: Daily Hunt