CNI International News

အင်ဖာ၊ ဧပြီ ၁၁

အိန္ဒိယ၏ ဗဟိုအစိုးရနှင့် မဏိပူရပြည်နယ်အစိုးရတို့၏ အချိန်မီ ကြားဝင်ဖြေရှင်းပေးမှုတို့ကြောင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် မဏိပူရပြည်နယ်၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်၍ နာဂလက်နက်ကိုင်နှင့် ငြိမ်းချမ်းရေးကိုလည်း အရှိန်မြင့် လုပ်ဆောင်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi)က ပြောကြားခဲ့သည်ဟု E-PAP သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

မဏိပူရပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားမှု အရှိန်အမြင့်ဆုံး ကာလအတွင်း ပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) သည် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပုဂ္ဂိုလ်ရေးအရ ထိတွေ့ဆက်ဆံခဲ့ပြီး အစည်းအဝေး ၁၅ ကြိမ် ပြုလုပ်ခဲ့မှုအပေါ် မိုဒီက ချီးကျူးခဲ့သည်။

မိုဒီက အရှေ့မြောက်ဒေသရှိ လူငယ်များအပေါ် ၎င်း၏ လျော့နည်းသွားခြင်းမရှိသည့် ယုံကြည်မှုကို ဖော်ပြခဲ့သည်။

မဏိပူရပြည်နယ်အတွင်းက အဓိကရုဏ်းဖြစ်ပွားမှုကိုတွေ့ရစဉ်

ထို့နောက် ဒေသတွင်း အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးကြီး ကြောင်းကိုလည်း ဒေလီ (Delhi) မြို့တော်ရှိ ဝန်ကြီးချုပ်၏ နေအိမ်တွင် The Assam Tribune သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အရှေ့မြောက်ဒေသသည် လျစ်လျူရှုခံခဲ့ရသည်။

လက်ရှိမှာတော့ ထိုအခြေအနေကနေ အကူအပြောင်းကာလသို့ ရောက်ရှိနေပြီးဖြစ်သည်။

ထို့ကြောင့် လက်ရှိ ပေါ်ပေါက်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ရှုထောင့်ပေါင်းစုံ ပါဝင်သည့် ချဉ်းကပ် ဆောင်ရွက်မှုသည် အရေးကြီးကြောင်း မိုဒီက ပြောကြားခဲ့သည်။

NSCN-IM တပ်ဖွဲ့ကိုတွေ့ရစဉ်

မဏိပူရပြည်နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ဆက်လက် လုပ်ဆောင်လျက် ရှိပြီး ထိုအစီအစဉ်များအနက် ယာယီကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသူများကို ငွေကြေးအရ ကူညီ ထောက်ပံ့ရေး အစီအစဉ်လည်း ပါဝင်သည်။
ပြည်နယ်အစိုးရက လိုအပ်သည့် အရာများကို ဗဟိုအစိုးရမှ ထောက်ပံ့ပေးသွားမည် ကတိကဝတ်များကိုလည်း မိုဒီက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။ 

ထို့ပြင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗား (NSCN-IM) နှင့် အိန္ဒိယဗဟိုအစိုးရကြား ၂၀၁၅ ခုနှစ်၊ သြဂုတ် ၃ ရက်က ငြိမ်းချမ်းရေးမူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးမှုသည်လည်း ဆယ်စုနှစ်များစွာ ကြာမြင့်နေသည့် နာဂနိုင်ငံရေးပြဿနားများကို ဖြေရှင်းရေးအတွက် သိသားထင်ရှားသည့် သဘောတူညီချက်ဖြစ်သည်ဟု မိုဒီက အမွှမ်းတင်ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် NSCN-IM အပါအဝင် အခြားနာဂအဖွဲ့များ၊ ကိုယ်စားလှယ်များနှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း မိုဒီက ပြောကြားခဲ့သည်။

Source: E-PAO