CNI International News

အင်ဖာ၊ မတ်လ ၁၉

မဏိပူရပြည်နယ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် လက်နက်ကိုင် ကူကီးစစ်သွေးကြွများကို ထောက်လှမ်းဖော်ထုတ်ပြီး နှင်ထုတ်ရမည်ဟု သူပုန်ခေါင်းဆောင်ဟောင်း အာရ်ကေ ဆန်နာယိုင်မာ (RK Sanayaima)က ပြောကြားခဲ့ကြောင်း The Sangai Express မှ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံမှ ကူကီးစစ်သွေးကြွများကို ဖော်ထုတ်ပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းသည် အစိုးရက ငြိမ်းချမ်း ရေး ပြန်လည်ထိန်းသိမ်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုကို မဏိပူရပြည်နယ်အတွင်း နေထိုင်သည့် ဒေသခံများအကြား သိရှိခံစားစေလိမ့်မည်ဖြစ်ကြောင်း ဆန်နာယိုင်မာက ပြောသည်။

သူပုန်ခေါင်းဆောင်ဟောင်း အာရ်ကေဆန်နာယိုင်မာကို တွေ့ရစဉ်

မဏိပူရပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ကူကီးလူမျိုးစုများက စတင်ခဲ့ခြင်းဖြစ်ကြောင်း သူပုန် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ယိုင်စကူလ် (Yaiskul) က MDU Hall ခန်းမတွင် ပြုလုပ်သည့် ၎င်းတို့အဖွဲ့ ၏ စာအုပ်မိတ်ဆက်ပွဲတွင် မီဒီယာများနှင့် သီးသန့်တွေ့ဆုံခဲ့ချိန်က ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် ပဋိပက္ခကို ဖြေရှင်းရန် အရင်းအမြစ်များနှင့် လုပ်နိုင်စွမ်း အားလုံးရှိကြောင်း ဆန်နာယိုင်မာက ပြောကြားခဲ့သည်။

ထို့နောက် စစ်ဆင်ရေးများဆိုင်းငံ့မှု (Suspension of Operation-SoO) သဘောတူညီချက်အောက်တွင် ရှိနေသည့် ကူကီးစစ်သွေးကြွများ သာမကဘဲ မကြာသေးမီက မြန်မာနိုင်ငံမှ မဏိပူရသို့ ဝင်ရောက်လာသည့် ကူကီး လက်နက်ကိုင်များကပါ ပဋိပက္ခ ၌ ပါဝင်ပတ်သက်နေသည်ဟု ၎င်းက ဆိုသည်။

ကူကီးတပ်ဖွဲ့ကို တွေ့ရစဉ်

အိန္ဒိယအစိုးရအနေနှင့် ကူကီးစစ်သွေးကြွများကို ထိန်းချုပ်ရန်နှင့် ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းရန် တာဝန်ယူ လုပ်ဆောင်ရေးသည် အရေးကြီးကြောင်း ဆန်နာယိုင်မာက ပြောသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေမှုနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရက အပြုသဘောဆောင်သည့် လုပ်ဆောင် ချက်များနှင့် စီမံဆောင်ရွက် လိမ့်မည်ဖြစ်သော်လည်း မဏိပူရပြည်နယ်နှင့် မြန်မာနယ်စပ်အကြား နယ်စပ်စည်းရိုး ကာမည်ဆိုပါက မဏိပူရပြည်နယ်၏ နယ်စပ်ဒေသ ၂၀၀ စတုရန်း ကီလိုမီတာသည် မြန်မာနိုင်ငံထဲသို့ ပါသွားနိုင် သည်ဟုလည်း ၎င်းက ဆိုသည်။

မဏိပူရပြည်နယ်တွင် နေထိုင်သည့် ဒေသခံများကလည်း အဆိုပါ နယ်စပ်စည်းရိုးကာမည့် အစီအစဉ်၏ ဖြစ်လာနိုင်ခြေရှိသော အကျိုးဆက်များကို မေးခွန်းထုတ်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ မဏိပူရဒေသခံများသည် ကဘော် တောင်ကြား (Kabaw Valley) ကို မြန်မာနိုင်ငံဘက်ခြမ်းသို့ ပါသွားပြီး လက်လွတ်ဆုံးရှုံးရမည့် အခြေအနေကို အလွန်စိုးရိမ်နေကြသည်ဟု ဆန်နာယိုင်မာက ပြောကြားခဲ့ သည်။

Source: The Sangai Express