CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် ထိုင်းနိုင်ငံအတွက် မည်ကဲ့သို့သော ထိခိုက်နစ်နာမှုများ ရှိစေသလဲဆိုသည်ကို မေးခွန်းထုတ်လျက်ရှိနေသည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ရရှိပြီး တည်ငြိမ်ပါက ထိုင်းနိုင်ငံသည် အကျိုးအမြတ်အများဆုံးရရှိသည့် နိုင်ငံဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာက ပြောသည်။

မြန်မာပြည် တည်ငြိမ်အေးချမ်းပါက ရွှေ့ပြောင်းအလုပ်သမား အနေဖြင့်လည်း ထိုင်းနိုင်ငံကို တရားဝင်စနစ်ဖြင့် သွားရောက်နိုင်မှာဖြစ်ကြောင်း၊ ထို့အတူ ထုတ်ကုန်ပစ္စည်းများ နှစ်ဖက်တင်ပို့မှု လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိမှာလည်း ထုတ်ကုန်ပစ္စည်းများ နှစ်ဖက်တင်ပို့နိုင်ရေး ပြောဆိုနေကြကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (FED) မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တိုင်းပြည်က အဆင်ပြေမယ်ဆိုလို့ရှိရင် ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်စနစ်နဲ့ ဗမာပြည်ကနေ ဒီကိုလာနိုင်မယ်၊ ပြီးတော့ အလုပ်သမားတွေ အခြေခံအခွင့်အရေးတွေ ကောင်းကောင်းမွန်မွန် ပိုပြီးလုပ်နိုင်မယ်၊ သူတို့ရဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဟာတွေကို ပိုပြီးတော့ ပါဝင်ဆောင်ရွက်နိုင်မယ်ပေါ့၊ ဒါလည်းတစ်ကဏ္ဍ နောက် နယ်စပ်ကုန်သွယ်ရေးဗျ၊ နယ်စပ်ကုန်သွယ်ရေးက ထိုင်းနဲ့ ကျနော်တို့ တစ်နှံ့တစ်လျားသည် ကီလို ၂၀၀၀ ကျော် တစ်ကျောမှာဆိုလို့ရှိရင် တောင်ပိုင်းမှာဆိုလို့ရှိရင် လုပ်ငန်းတွေ၊ ရေကြောင်းလမ်းတွေ ရှိတယ်၊ အခုဆိုလည်း သူတို့ သင်္ကြန်တွင်း နှစ်နိုင်ငံချစ်ကြည်ရေး အပြန်အလှန် လည်ပတ်ခွင့်ကိုပေးဖို့ ပြီးတဲ့အခါကြရင် ထုတ်ကုန်ပစ္စည်းတွေ ကို ဟိုဖက်ဒီဖက် တင်သွင်းလက်ခံဖို့ ကိစ္စတွေကို သူတို့ စပြီးတော့ ပြောနေပြီ။ ထိုနည်းလည်းကောင်းပဲ မဲဆောက် ဆိုလို့ရှိရင်လည်း အခု ဒီလိုမျိုးကြီး ဖြစ်နေတဲ့အခါကြတော့ စီးပွားရေးအရ သူတို့မှာ အများကြီး နစ်နာတာတွေ ရှိတယ်၊ ဒါကြောင့်မို့လို့ သူတို့က သူတို့လည်း အဆင်ပြေစေချင်တာပေါ့၊ မြန်မာပြည်ကို ဒီသဘောပါ” ဟု ပြော သည်။

 မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးထွက်ပေါက်ကို တွေ့ရစဉ်

လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ့ရွှေ့ပြောင်းလုပ်သား တရားဝင် ၃ သန်းကျော် ရှိနေ ကြောင်း ၎င်းက ပြောသည်။

မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ထိုင်း-မြန်မာ ကုန်သွယ်မှု အများဆုံး ပြုလုပ်လျက်ရှိနေသည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာလည်း တိုက်ပွဲများကြောင့် ရပ်တန့်လျက်ရှိနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ သင်္ဃန်းညီနောင် ဗျူဟာစခန်းမှ တပ်မိသားစုဝင်များ အပါအဝင် တပ်ဖွဲ့ဝင် ၆၁၇ ဦး ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ လက်နက်ချခဲ့ကြောင်း KNU က ဧပြီ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာပြည်ကို ဝင်ရောက်သည့် ကုန်ပစ္စည်းအများစုမှာ ပြည်တွင်းသို့ တိုက်ရိုက်ဝင်ရောက်ခြင်း မဟုတ်ဘဲ ဘန်ကောက်မှတဆင့် မြဝတီမှ ဝင်ရောက်ကြောင်း ကုန်သည်များက ပြောသည်။

လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် နယ်စပ်တစ်လျှောက် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ကုန်သွယ်ရေး ရပ်တန့်သွားခြင်းကြောင့် ထိုင်းနိုင်ငံအတွက် ဆုံးရှုံးနစ်နာနေသလို ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးမှအစ အကျိုးစီးပွားကို ထိခိုက်နေ ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တနည်းအားဖြင့် ပြောရရင် ဒီမြဝတီကို အခုသိမ်းတယ်ဗျာ၊ ဒီဟာကနေပြီးတော့ မြဝတီက ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတင်မကဘူး ဒီဟာက အာရှရဲ့ ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တော်တော်များများ ကုန်ပစ္စည်းတွေက ဒီကနေစီစဉ်တယ်၊ အထူးသဖြင့် ဗမာပြည်ကို ဝင်နေတဲ့ ကွန်တိန်နာနဲ့ ပစ္စည်းတချို့ဆိုရင် ဥပမာ ဂျပန်ကလာတဲ့ဟာမျိုး တခြားတခြား အဲဒီဖက်က လာတဲ့ပစ္စည်းတွေ လာတဲ့တော်တော်များများဟာ ဗမာပြည်ကို တိုက်ရိုက်မဝင်ဘဲနဲ့ ဘန်ကောက်ကတဆင့် မြဝတီနယ်စပ်ကနေတဆင့် အဲဒီလို ဝင်နေတဲ့ဟာတွေ ကြီးပဲ တနေ့တနေ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကနေ နည်းတဲ့ဝင်ငွေ မဟုတ်ဘူး။ အဲဒါကတော့ အခုဒီလမ်း ကြောင်း မြဝတီကို သူတို့ စကစ ဆုတ်သွားတယ်ဆိုတာနဲ့ ဒီဟာရဲ့ အပေးအယူ ဒီလမ်းကြောင်းရဲ့ လုံခြုံရေးကအစ ထိုင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှာပဲ ဖြစ်တယ်၊ အဲဒီအတွက်မှာတော့ ထိုင်းအနေနဲ့ကတော့ ဒီဟာကို မှီပြီးတော့ သူ့ရဲ့ အကျိုးစီးပွား ထိခိုက်မခံချင်ဘူးဆိုရင် သူတို့ကတော့ သူတို့အကျိုးစီးပွားဖြစ်အောင် ညှိနှိုင်းလိုတယ်လို့ပဲ ကျနော်ကတော့ အဲဒီလို နားလည်ပါတယ်” ဟု ပြောသည်။

မြဝတီမြို့မှာ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ထိုင်းဘက်ခြမ်း မဲဆောက်တွင် ထိုင်းစစ်တပ်နှင့် နယ်ခြား‌စောင့်တပ် တို့ ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း ထိုင်းသတင်းများ၌ ဖော်ပြလျက်ရှိသည်။

မြန်မာ-ထိုင်းနယ်စပ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိနေပြီး နယ်စပ်တစ်လျှောက် KNU၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တော်လှန်ရေးအင်အားစု အများအပြား လှုပ်ရှား လျက်ရှိနေသည်။