CNI International News

ပေကျင်း၊ ဧပြီ ၁၀

ဆွီဒင်နိုင်ငံသည် ၎င်း၏ လုံခြုံရေးအတွက် ကြီးမားစွာ ခြိမ်းခြောက်နေသည်ဟု ယူဆထားသည့် တရုတ် ဂျာနယ်လစ်တစ်ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း South China Morning Post(SCMP)မှ ဖော်ပြခဲ့သည်။

အမည်ဖော်ပြမထားသည့် အသက် ၅၇ နှစ်အရွယ် တရုတ်အမျိုးသမီး ဂျာနယ်လစ်တစ်ဦးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဆွီဒင်လုံခြုံရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် နှင်ထုတ်ခံခဲ့ ရသည်။

ထိုအမျိုးသမီးဂျာနယ်လစ်ကို ဆွီဒင်နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ပိတ်ပင်ခဲ့သည်။

အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့်နှစ် ၂၀ ခန့်ကတည်းက ဆွီဒင်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နေထိုင်ခွင့် ပါမစ် ရရှိထားကာ ဆွီဒင်အမျိုးသားတစ်ဦးနှင့် လက်ထပ်ပြီး ကလေးများ မွေးဖွားခဲ့ကြောင်း၊ ထိုအမျိုးသမီး၏ ရှေ့နေ ဖြစ်သူ လော်ထရင်မ် ကာဒရီယူ (Leutrim Kadriu) က ပြောကြားခဲ့သည်။

ထိုအမျိူးသမီးအပေါ် စွဲဆိုထားသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မသိရဘဲ ထိုအမှုကို လျှို့ဝှက်အဆင့်အဖြစ် သတ်မှတ်ထားသည်ဟု ကာဒရီယူက ပြော သည်။

ဆွီဒင်လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်

"ကျနော့်ရဲ့ အမှုသည်က ကြီးမားတဲ့ လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်စေနိုင်တယ်လို့ ယူဆရကြောင်း လုံခြုံရေးရဲတပ်ဖွဲ့ က ပြောပါတယ်။ အဲဒီလို ယူဆဖို့ကိုလည်း လူဝင်မှုရေးရာ အေဂျင်စီ၊ လူဝင်မှုရေးရာ တရားရုံးနဲ့ အစိုးရအဖွဲ့တွေက သဘောတူခဲ့ပါတယ်" ဟု ကာဒရီယူက ပြောသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး လူဝင်မှုရေးရာအေဂျင်စီက မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

ဆွီဒင်ရုပ်သံဖြစ်သည့် SVT ကလည်း စွဲချက်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန် ခဲ့ခြင်း မရှိသော်လည်း ထိုအမျိုးသမီးသည် ၎င်း၏ ဝက်ဘ်ဆိုက်တွင်သတင်းဆောင်းပါးများ ရေးသားနေပြီး ဆွီဒင် နိုင်ငံ၊ စတော့ဟုမ်း (Stockholm) မြို့ရှိ တရုတ်သံရုံးထံမှ ငွေကြေးများ ရရှိခဲ့ကြောင်း အမည်မဖော်ပြထားသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြခဲ့သည်။

ထိုအမျိုးသမီးသည် ဆွီဒင်သို့ လာရောက်သည့် တရုတ်အာဏာပိုင်များ၊ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များကို ကြိုဆိုလက်ခံပြီး ဆွီဒင်အရာရှိများနှင့် အစည်းအဝေးများ ဖြစ်မြောက်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း SVT က ဖော်ပြခဲ့သည်။

Source: SCMP