CNI International News

ပေကျင်း၊ မတ်လ ၁၆

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး ဆောင်ပုဒ်များဖြင့် ကြွေးကြော်နေသော်လည်း တရုတ်၏ စီးပွားရေးသည် ရုန်းကန်နေရကြောင်း Greek City Times မှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ လွှတ်တော်သို့ တင်သွင်းသည့် နှစ်ပတ်လည် အစီရင်ခံစာတွင် ဝန်ကြီးချုပ် လီချင် (Li Qiang) က လျှပ်စစ်ကားများ၊ ကုန်ကြမ်းအသစ်များ၊ စီးပွားဖြစ်ပြေးဆွဲသည့် အာကာသခရီးစဉ်များ၊ ကွမ်တမ် နည်းပညာနှင့် သိပ္ပံပညာတို့ အပါအဝင် ဖွံ့ဖြိုးတိုးတက်နေသည့် ကဏ္ဍများကို ထောက်ပံ့ပေးခြင်းဖြင့် စီးပွားရေး ရုတ်တရက် ထိုးတက်သွားစေရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုအစီအစဉ်သည် လက်ရှိ တရုတ်၏ စီးပွားရေး အခက်အခဲများကို ကျော်လွှားနိုင်ခြင်း မရှိသေးပေ။ 

တရုတ်စီးပွားရေး အညွန်းကိန်းကိုတွေ့ရစဉ်

အကြီးဆုံးစိန်ခေါ်မှုမှာ တရုတ်ငွေကြေးများသည် ပြည်ပနိုင်ငံများရှိ ပိုင်ဆိုင်မှုများထဲကို အလုံးအရင်းနှင့် ရင်းနှီး မြှုပ်နှံနေမှုဖြစ်သည်။

ထိုအချက်က ပြည်တွင်းဈေးကွက်ကို ပြန်လည် အသက်သွင်းရန်နှင့် ယွမ်ငွေကြေးကို တည်ငြိမ်စေရန် တရုတ်၏ အားထုတ်ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့သည်။

ပြည်တွင်းဈေးကွက်များအပေါ် ယုံကြည်မှု အားနည်းနေခြင်းက ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုများပြား စေခဲ့သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

ထိုကဲ့သို့ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုများ များပြားနေခြင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရှီ ပြောကြားခဲ့သည့် ပြည်တွင်းကုန်ထုတ်လုပ်မှု အင်အားစုများ ထူထောင်ရေး အစီအစဉ်ကို ထိခိုက်စေခဲ့သည်။

တရုတ်မြို့ပြကိုတွေ့ရစဉ်

ဝန်ကြီးချုပ်လီကမူ တရုတ်သည် ၂၀၂၄ ခုနှစ်တွင် မဟာဗျူဟာကျသည့် နယ်ပယ်ကဏ္ဍများကို ရန်ပုံငွေ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ ၁၃၉ ဘီလျံ တန်ကြေးရှိသည့် အထူးငွေတိုက် စာချုပ်များကို ထုတ်ပေးမည်ဟု ပြောကြား ခဲ့သည်။

သို့သော် လက်ရှိတွင် တရုတ်၏ ပြည်တွင်းစီးပွားရေး အခြေအနေကြောင့် ချမ်းသာကြွယ်ဝသည့် တရုတ်နိုင်ငံသား များသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့နေရာချထားလျက်ရှိကြောင်း ကျွမ်းကျင်သူများ က လေ့လာတွေ့ရှိခဲ့သည်။

ထို့ပြင် တရုတ်အစိုးရက အမျိုးသားလုံခြုံရေးကို ပိုမိုအာရုံစိုက်နေပြီး ဆန်းသစ်တီထွင်မှုများ၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုများကို အဟန့်အတားဖြစ်စေသည့် ထိန်းချုပ်ကန့်သတ်မှုများကြောင့် တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နှေးကွေးနေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Greek City Times