CNI International News

ဘန်ကောက်၊ ဧပြီ ၅

ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို အဂတိလိုက်စားမှု အပါအဝင် ဝေဖန်စကားများ ပြောကြားခဲ့သည့် အတိုက်အခံ Move Forward Party (MFP) ၏ ဝေဖန်စကားများအား စိတ်ပျက်ကြောင်း ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။ 

MFP ပါတီမှ လွှတ်တော်အမတ်များ၏ စွပ်စွဲချက်များသည် ဓာတ်ပြားဟောင်းကို ထပ်ကာထပ်ကာ ဖွင့်နေခြင်း ဖြစ်ပြီး သက်သေ အထောက်အထား ကင်းမဲ့နေသည်ဟု ဆရီသာက ပြောသည်။

MFP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဝီရော့ဂျ် လက်ခဏ္ဏာဒီဆွန်း (Wiroj Lakkhandisorn) သည် ပါလီမန်တွင် အချေအတင် ဆွေးနွေးမှုအတွင်း တရုတ်နိုင်ငံထံမှ ဘတ် ၁၇ ဘီလျံ တန်ဖိုးရှိ ဖရီးဂိတ် (frigate) စစ်သင်္ဘော တစ်စင်း ဝယ်ယူရန် အတည်ပြုမှုအတွက် တစ်စုံတစ်ဦးသည် တော်ဝင်ထိုင်းရေတပ် (RTN) မှ ကော်မရှင်ခ တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

MFP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဝီရော့ဂျ် လက်ခဏ္ဏာဒီဆွန်းကို တွေ့ရစဉ်

ဝန်ကြီးချုပ် ဆရီသာကမူ ထိုကဲ့သို့သော အဂတိစွဲချက်များကို လွှတ်တော်တွင်း အချေအတင် ဆွေးနွေးမှုများတွင် မကြာခဏ ပြောကြားလေ့ရှိကြောင်း၊ အတိုက်အခံများအနေနှင့် ၎င်းတို့၏ စွဲချက်များအတွက် ခိုင်လုံသည့် သက်သေ အထောက်အထားများ တင်သွင်းရန် စိန်ခေါ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူသည် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်လိုခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုဖရီးဂိတ် စစ်သင်္ဘောအား ထိုင်းနိုင်ငံမှာပင် တည်ဆောက်ရန် အိုင်ဒီယာကို သဘောတူခဲ့ကြောင်း၊ သို့မှသာ ထိုင်းပြည်သူများသည် ထိုကဲ့သို့သော သင်္ဘောများကို မည်ကဲ့သို့ တည်ဆောက်ရမည်ဆိုခြင်းအပေါ် သင်ယူနိုင် မည်ဖြစ်ကြောင်း၊ ဗဟုသုတနှင့် နည်းပညာ လွှဲပြောင်းမှုမှ အကျိုးအမြတ်များ ရနိုင်ကြောင်း ဆရီသာက ပြောကြား ခဲ့သည်။

ထိုင်းနှင့် တရုတ်အကြား ဖရီးဂိတ်စစ်သင်္ဘော သဘောတူညီမှုကြောင့် ပြည်ပဆက်ဆံရေးကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ဆရီသာက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဆူတင်ကလန်ဆန်ကို တွေ့ရစဉ်

လွှတ်တော် အချေအတင်ဆွေးနွေးမှု၏ ဒုတိယမြောက်နေ့တွင် ဝီရော့ဂျ်က ကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang) လက်ထက် စစ်ရေးမူဝါဒသည် ယခင်ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) ၏ မူဝါဒကို ပုံတူကူးထားခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲမှု မရှိကြောင်း ပြောကြားခဲ့သည်။

Move Forward ပါတီသည် RTN ဖရီးဂိတ် စစ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက်ကို ထောက်ခံကြောင်း လက်ရှိ ထိုင်းရေတပ်တွင် သက်တမ်းရင့်နေသည့် ဖရီးဂိတ်စစ်သင်္ဘောများ ရှိနေသဖြင့် ထိုင်း၏ ပင်လယ် ရေကြောင်း နယ်နိမိတ်ကို ကာကွယ်ရန် မလုံလောက်ကြောင်း ဝီရော့ဂျ်က ပြောကြားခဲ့သည်။

ထို့ပြင် မလေးရှားနှင့် ကမ္ဘောဒီးယားသည် ပိုမိုကြီးမားသည့် ရေတပ်စစ်သင်္ဘော အုပ်စုရှိသည်ဟုလည်း ၎င်းက ဆိုသည်။

Source: Thai PBS World