CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၆

ထိုင်းနိုင်ငံမှ Move Forward ပါတီ (MFP) ခေါင်းဆောင်ဟောင်း ပီတာ လင်မ်ဂျာရွန်ရတ် (Pita Limjaroenrat) သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် လှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

လူမြင်ကွင်းကနေ ပျောက်ကွယ်နေသည့် ပီတာသည် ယခုအခါမှာတော့ ပြန်လည်ထွက်ပေါ်လာခြင်းကြောင့် ထိုင်း သတင်းဌာနများက ပီတာ ပြန်လာပြီဟု ဖော်ပြနေကြသည်။

ပီတာသည် ၂၀၁၃ ခုနှစ်အတွက် TIME မဂ္ဂဇင်း၏ ထင်ရှားကျော်ကြားပုဂ္ဂိုလ် အယောက် ၁၀၀ (Time 100 Next) စာရင်းတွင် နောက်ထပ် မျိုးဆက်သစ်အတွက် ခေါင်းဆောင်မှုကဏ္ဍကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့် ခေါင်းဆောင် တစ်ဦးအဖြစ် ညစာစားပွဲကို တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သူသည် စက်တင်ဘာလက MFP ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သူ ဖြစ်သည်။ 

ပီတာကို တွေ့ရစဉ်

ပီတာ၏ Instagram အကောင့်တွင် တင်ထားသည့် ဓာတ်ပုံများထဲမှာ နယူးယောက်မြို့၌ ရှိခဲ့သည့်အချိန်က ရိုက်ကူးခဲ့သော ဓာတ်ပုံများကို တင်ထားခဲ့ပြီး ရာနှင့်ချီသည့် like များနှင့် comment များကို မြင်တွေ့ရသည်။

ထိုဓာတ်ပုံများထဲတွင် ပီတာသည် နယူးယောက် မြေအောက်ရထားကို စီးနေပုံ၊ နယူးယောက်မြို့၏ လမ်းပေါ်တွင် တစ်ဦးတည်း လမ်းလျှောက်နေပုံ၊ လမ်းဘေး စားသောက်ဆိုင် တစ်ဆိုင်တွင် အအေးသောက်နေပုံနှင့် Times Square တွင် မတ်တပ်ရပ်နေပုံတို့ ပါဝင်သည်။

ပီတာကို ထောက်ခံသည့် ဖော်လိုဝါများကလည်း ပီတာကို ချစ်ခင်နှစ်သက်သည့် မှတ်ချက်များ ရေးသားခဲ့ကြ သည်။ 

"ခင်ဗျားဟာ ထိုင်းဝန်ကြီးချုပ် မဖြစ်နိုင်ပေမယ့်လည်း ကျနော်တို့ ရင်ထဲက ထာဝရ ဝန်ကြီးချုပ်ပါ၊ နိုင်ငံရေးကို လက်မလျှော့လိုက်ပါနဲ့ ကျနော်တို့ ခင်ဗျားကို အမြဲတမ်း ထောက်ခံသွားမှာပါ" အစရှိသည့်  မှတ်ချက်များကို မြင်တွေ့ရသည်။

ပီတာကို တွေ့ရစဉ်

"သင့်အနေနဲ့ နိုင်ငံရေးလောကထဲက ထွက်ခွာသွားရင်တောင် မော်ဒယ်တစ်ယောက် ဖြစ်နိုင်ပါသေးတယ်" ဟု ပီတာ၏ ပရိသတ်တစ်ဦးက မှတ်ချက်ရေးသားခဲ့သည်။

ပီတာသည် နယူးယောက်တွင် ထိုဓာတ်ပုံများ ရိုက်ကူးရန်အတွက် ထိုင်းဓာတ်ပုံ ဆရာတစ်ဦးကို ငှားရမ်းခဲ့ သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ 

ထိုဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ မီဒီယာအားလုံးနီးပါးတွင် ပီတာ၏ ဓာတ်ပုံများနှင့်တကွ "ပီတာ ပြန်လာပြီ" ၊ "သူ့ရဲ့ ဂုဏ်သတင်းကို ပြန်ယူဖို့အတွက် ပီတာ ပြန်လာပြီ" ဟူသည့် သတင်းခေါင်းစဉ်များနှင့် ဖော်ပြခဲ့သည်။ 

Source: Thai PBS World