CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၈

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ဦးဆောင်သည့် BJP ပါတီ အစိုးရအဖွဲ့သည် အိန္ဒိယနှင့် မြန်မာနယ်စပ် ကို ခြံစည်းရိုး တည်ဆောက်သွားရန် ကတိပြုခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။

ဖက်ဒရယ်အစိုးရသည် နိုင်ငံအရှေ့မြောက်ဘက် ၁၆၄၃ ကီလိုမီတာရှည်လျားသည့် အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက် ခြံစည်းရိုး တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားက ပြောသည်။

ထို့ပြင် နယ်စပ်ဒေသတစ်လျှောက် ထောက်လှမ်းရေးနှင့် ကင်းလှည့် လမ်းကြောင်းများကိုလည်း ပိုမို ကောင်းမွန် စေရန် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

 တမူး(မြန်မာ)နဲ့ မိုရေး(အိန္ဒိယ)ကြား နယ်စပ်ခြံစည်းရိုးကာထားစဉ်

လက်ရှိတွင် မဏိပူရ်(Manipur) ပြည်နယ်၊ တန်ဂနျူပယ် (Tengnoupal)ခရိုင်၊ မိုရေး( Moreh) မြို့တွင် ၁၀ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်စည်းရိုးကို တည်ဆောက်ထားပြီး ဖြစ်ကြောင်း ရှားက ပြောကြားခဲ့သည်။

ထို့ပြင် နယ်စပ်ဒေသတစ်လျှောက် နှစ်မျိုးစပ် ကင်းထောက်လှမ်းရေးစနစ်(HSS) မှတစ်ဆင့် နယ်စပ်စည်းရိုး တည်ဆောက်သည့် ရှေ့ပြေးစီမံကိန်းနှစ်ခုကို လုပ်ဆောင်နေကြောင်း၊ ထိုရှေ့ပြေး စီမံကိန်းနှစ်ခုအရ အာရုနာချယ် ပရာဒေ့ရှ် ( Arunachal Pradesh) နှင့် မဏိပူရ်ပြည်နယ်တို့တွင် နယ်စပ်ခြံစည်းရိုးများကို ၁ ကီလိုမီတာစီ ချဲ့ထွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှားက ပြောသည်။

မဏိပူရ်ပြည်နယ်တွင် နောက်ထပ် ခန့်မှန်းခြေ ၂၀ ကီလိုမီတာရှိသည့် ခြံစည်းရိုး တည်ဆောက်ရေး အစီအစဉ် များကိုလည်း အတည်ပြုထားပြီဖြစ်သည်။

ထို့ကြောင့် မကြာမီအချိန်အတွင်း စတင်လုပ်ဆောင် သွားတော့မည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ သည်။

Source: Northeast Now