CNI International News

တိုင်ပေ၊ မတ်လ ၂၆

ထိုင်ဝမ်ကျွန်းအနီးတွင် မတ်လ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှ မတ်လ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီအတွင်း တရုတ်ရေတပ်သင်္ဘော ၈ စင်းနှင့် စစ်လေယာဉ် ၆ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန(MND)က ပြောကြားခဲ့ကြောင်း Dailyhunt သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ လေယာဉ်များထဲမှ တစ်စင်းသည် ထိုင်ဝမ်၏ အနောက် တောင်ဘက် လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ)အတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် ထိုင်ဝမ်စစ်တပ်က အခြေအနေကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး လိုအပ်သလို တုန့်ပြန်ဆောင်ရွက်ရန် တပ်ဖွဲ့များဖြန့်ကြက်ခဲ့သည်ဟု MND က ထုတ်ပြန်ခဲ့သည်။

"တရုတ်လေယာဉ် ၆ စင်းနဲ့ စစ်သင်္ဘော ၈ စင်းကို ထိုင်ဝမ်ကျွန်းအနီးမှာ တွေ့ရှိခဲ့ရပြီး အဲဒီထဲက လေယာဉ် တစ်စင်းဟာ ADIZ အတွင်း ဝင်ရောက်ခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်စစ်တပ်သည် အခြေအနေကို လေ့လာစောင့်ကြည့်ခဲ့ပြီး ထိုင်ဝမ်စစ်တပ်၏ လေယာဉ်များနှင့် စစ်သင်္ဘော များကို ဖြန့်ကြက်ခဲ့သည်။

တရုတ်စစ်သင်္ဘောကို တွေ့ရစဉ်

ထို့နောက် တရုတ်၏ လှုပ်ရှားမှုများကို တုန့်ပြန်ရန် ကမ်းရိုးတန်းဒေသ ဒုံးကျည်စနစ်များအား အသင့်ပြင်ခဲ့ကြောင်း MND က ပြောကြားခဲ့သည်။

မတ်လ ၂၃ ရက်ကလည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒေသတွင်း မောင်းနှင်နေသည့် တရုတ် စစ်လေယာဉ် ၁၃ စင်းနှင့် စစ်သင်္ဘော ၆ စင်းကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုတရုတ်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို မတ်လ ၂၂ ရက် ဒေသစံတော်ချိန်နံနက် ၆ နာရီမှ မတ်လ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီအကြား ထောက်လှမ်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု MND က ပြောကြားခဲ့သည်။

"တရုတ်စစ်လေယာဉ် ၁၃ စင်းနဲ့ စစ်သင်္ဘော ၆ စင်းဟာ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ မောင်းနှင်နေတာကို ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်" ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကတည်းက တရုတ်သည် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို အများအပြား စေလွှတ်ခဲ့ပြီး အင်အားပြ ဖိအားပေးသည့် နည်းဗျူဟာကို ကျင့်သုံးခဲ့သည်။

Source: Dailyhunt