CNI International News

ဘန်ကောက်၊ မတ်လ ၁၆

မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် မတ်လ ၁၅ ရက်က ချင်းမိုင် (Chiang Mai)မြို့ရှိ ဝါရိုရော့စ် (Waroros) ဈေးသို့ သွားရောက်ချိန်တွင် ၎င်းအား ထောက်ခံသူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ချင်းမိုင်မြို့၏ အထင်ရှားဆုံး ထိုဈေးထဲတွင် သက်ဆင်ကို ထောက်ခံသူများက ကြိုဆိုနှုတ်ဆက်ရန် စောင့်ဆိုင်းခဲ့ ကြသည်။ 

သက်ဆင်သည် နှစ်ပေါင်း ၁၇ နှစ်အတွင်း မွေးရပ်မြို့ဖြစ်သည့် ချင်းမိုင်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

သက်ဆင် ဈေးထဲမှ ပြန်လည်ထွက်ခွာချိန်တွင်လည်း "သက်ဆင်ကို ငါတို့ ချစ်တယ်" (We love Thaksin) ဆိုသည့် ကြွေးကြော်သံများကို ထောက်ခံသူများက ဟစ်ကြွေးခဲ့ကြပြီး သက်ဆင်၏ သက်တော်စောင့်များက လမ်းရှင်းပေးခဲ့ ကြသည်။

ရဲအရာရှိဟောင်း တစ်ဦးအဖြစ်မှ ဆက်သွယ်ရေး လုပ်ငန်းရှင်ဖြစ်ခဲ့သည့် သက်ဆင်သည် ၎င်း၏ အငယ်ဆုံး သမီးဖြစ်သည့် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) အပါအဝင် မိသားစုဝင်များခြုံရံပြီး ဈေးထဲသို့ လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။

သက်ဆင်ကို တွေ့ရစဉ်

သက်ဆင်သည် ချင်းမိုင်မြို့၏ အထင်ကရ Doi Suthep Stupa ဘုရားကျောင်းသို့ သွားရောက် ဝတ်ပြုပြီးနောက် ဝါရိုရော့စ်ဈေးသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ 

အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်သည့် သက်ဆင်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ထိုင်းသို့ ပြန်လည် ရောက်ရှိခဲ့ ပြီးနောက် အကျဉ်းချခံခဲ့ရသော်လည်း ပြီးခဲ့သည့်လက ခံဝန်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။

ယခု ချင်းမိုင်သို့ သွားရောက်သည့် သက်ဆင်၏ ခရီးစဉ်သည် နိုင်ငံရေးရည်ရွယ်ချက်များ ရှိနေနိုင်သည်ဟုလည်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။ 

"သက်ဆင်ဟာ ချင်းမိုင်ကို အသုံးချပြီး အဲဒီက ဒေသခံတွေနဲ့ တိုက်ရိုက်ဆက်သွယ်မှုကို ပြန်လည်ထူထောင် ချင်နေတယ်လို့ ကျနော်ထင်ပါတယ်" ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သုတေသနပညာရှင် တစ်ဦးဖြစ်သူ ဆူနိုင် ဖာဆွတ် (Sunai Phasuk) က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်