CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းလိုက်သော စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာကြမည့် လူငယ်၊ လူရွယ်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ထိုင်းအစိုးရအား နိုင်ငံရေးနှင့် လူသားချင်း စာနာမှုအရ ချည်းကပ်ဆောင်ရွက်သင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

လူငယ်အများအပြားသည် ပြည်သူ့စစ်မှုထမ်း တာဝန်အား မဆောင်ရွက်လိုသဖြင့် ထိုင်းသို့ ဦးတည်ထွက်ခွာရန် ကြိုးစားနေကြသည်။

ထိုအနေအထားတွင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိသည့်အခါ လုံခြုံမှုဆိုင်ရာပြဿနာများ၊ လုပ်ငန်းခွင်နှင့် အလုပ် အကိုင် အခွင့်အလမ်းပြဿနာများနှင့် အခြားပြဿနာများအတွက် လက်ခံသည့် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာအား NUG အနေဖြင့် မီးမောင်းထိုးပြသင့်ကြောင်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တွဲဖက်အထွေထွေ အတွင်းရေး မှူး ဦးမိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တစ်ဖက်ကတော့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ။ မလုပ်ချင်လို့ ထိုင်းနိုင်ငံဘက်ကို ဦးတည်ထွက်ခွာဖို့ လူငယ်တွေက ကြိုးစားနေတယ်။ နောက် အရွယ်တွေ ငယ်သေးတဲ့ အခါကြတော့ ပညာဆက်လက်သင်ကြားနိုင်ဖို့ သူတို့ အခွင့်အလမ်းတွေ ပျောက်နေတဲ့ အခြေအနေမျိုးအောက်ကနေ အဆင်ပြေဖို့ဆိုရင် လက်ခံတဲ့ နိုင်ငံပေါ့၊ ထိုင်းက ဘယ်လိုပုံစံမျိုး လက်ခံမှာလဲ။ new arrival လို့တော့ သူတို့က သုံးနေပြီ။ အသစ်ဝင်ရောက်လာတဲ့ လူတွေ အပေါ်မှာ ဘယ်လိုသဘောထားရှိတာလဲ။ အဲဒါက နိုင်ငံရေးအရ ဘယ်လိုချည်းကပ်ပြီး လူသားချင်းစာနာမှု အောက် ကနေ ဘယ်လိုအကူအညီတွေ ပေးနိုင်မလဲဆိုတာ အစိုးရတစ်ရပ်အနေနဲ့ လက်ခံတဲ့နိုင်ငံနဲ့ နိုင်ငံတကာမှာ ဒီအခြေအနေကို မီးမောင်းထိုးပြပြီးတော့  လူသားအရင်းအမြစ်တွေ လူငယ်တွေအများစုပေါ့၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ နေနိုင်ထိုင်နိုင် လုပ်နိုင်ကိုင်နိုင်မှု အခြေအနေကို ကြိုးစားရလိမ့်မယ်လို့ ကျနော်ပြောချင်တယ်” ဟု  ပြော သည်။

NUG အဖွဲ့ကို တွေ့ရစဉ်

လက်ရှိတွင် ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအား အရေး ယူမည် ဖြစ်ကြောင်းနှင့် တရားဝင် ဝင်လာပါက ကြိုဆိုကြောင်း ပြီးခဲ့သည့် ရက်ပိုင်းမှာ ထုတ်ဖော်ပြောကြားထား သည်။

ထိုင်းသို့ ရောက်ရှိလာမည့် ရွှေ့ပြောင်းမြန်မာများအပေါ် အကူအညီ ပေးခြင်းနှင့်ပတ်သက်၍ လက်ခံသည့် နိုင်ငံဖြစ် သော ထိုင်းအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရေး ဖြစ်နိုင်/မဖြစ်နိုင်မှာ NUG ၏ လုပ်ဆောင်မှုအပေါ်တွင် မူတည်ကြောင်း လည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ထောက်ပြကြသည်။

ထို့ကြောင့် NUG အနေဖြင့် ရွှေ့ပြောင်းမြန်မာများအပေါ် တစ်စုံတစ်ရာ အကာအကွယ်နှင့် အကူအညီ ပေးနိုင်သည် ဆိုပါက အတိုင်းထက်အလွန် ကောင်းမွန်မှာဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသားများကို ထိုင်းက ဖမ်းဆီး စစ်ဆေးနေစဉ်

၎င်းက “မြန်မာနိုင်ငံ လက်ရှိအခြေအနေမှာ ပထမက စစ်ပွဲတွေဖြစ်ကြတယ်။ စစ်ပွဲဖြစ်တော့ နည်းလမ်းပေါင်းစုံနဲ့ လွတ်မြောက်တဲ့၊ လုံခြုံတဲ့ နေရာတွေကို သွားလာနေကြတာရှိတယ်။ နောက်တစ်ပိုင်းမှာလည်း ထိုင်းနိုင်ငံ ရောက်လာတဲ့ နိုင်ငံခြားကို ရောက်လာတဲ့ လူတွေဆီက ၂၅ ရာခိုင်နှုန်း ကောက်မယ့်ကိစ္စတွေကလည်း ထွက်လာ တယ်။ ဒါကလည်း ပြဿနာတစ်စုံတစ်ရာ။ နောက်တစ်ခုက စစ်မှုမထမ်းမနေရဆိုတဲ့ ပြဿနာတွေကလည်း ပြန်ထွက်လာတော့ ပြဿနာတွေက နည်းလမ်းပေါင်းစုံ ရှိနေတယ်။ ပြဿနာ နည်းလမ်းပေါင်းစုံကလည်း ‌ဒေသခံ ပြည်သူလူထုအတွက် စိုးရိမ်စရာဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ ဒါတွေကို ရေရှည်စီမံကိန်းအနေနဲ့ စဉ်းစားပြီး တော့ ပြည်သူတွေအတွက် တစ်စုံတစ်ရာ အကျိုးရှိဖို့အတွက် နည်းလမ်းတွေကို စဉ်းစားပေးနိုင်ရင်တော့ ပိုကောင်း တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် မြန်မာလူဦးရေ အများအပြားရှိနေပြီး နေ့စဉ် ဖမ်းဆီး ခံရမှုများရှိကြောင်းလည်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင်လည်း ဗီဇာရရှိရေးအတွက် နေ့စဉ် လူရာပေါင်းများစွာ တန်းစီ၍ လုပ်ဆောင် နေကြပြီး ထိုင်းသို့ သွားရောက်ခွင့် ဗီဇာလျှောက်ထားမှု သိသိသာသာ မြင့်တက်လာကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။