CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးသမားများ မဖြေရှင်းနိုင်သည့် အနေအထား ဖြစ်နေကြောင်း ရန်ကုန် စောင့်ကြည့်အဖွဲ့မှဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့အစည်းများအကြား နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ကြားဝင်ပြောဆို၍ မရ သော အနေအထားဖြစ်နေကြောင်း၊ ကြားဝင်ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုကိုလည်း ဝေဖန်ပုတ်ခတ်နေကြကြောင်း ၎င်းက ပြောသည်။

ဒေါက်တာညိုညိုသင်းက “ကြားထဲမှာ ရပ်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့က ဘယ်ဘက်ကိုမှ ဝင်ပြီး မပြောနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လေ။ ပြောလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်ထဲ တစ်ဖက်လူဆိုပြီး စွပ်စွဲ ကြတာကိုး စွပ်စွဲပြီးတော့ ပုတ်ခတ်ကြမယ်၊ တိုက်ခိုက်ကြမယ်၊ အသက်အန္တရယ် ခြိမ်းခြောက်ကြမယ်၊ မိသားစုရဲ့ လုံခြုံရေးကို ထိပါးကြမယ်ပေါ့။ ဒီလိုဖြစ်ရပ်တွေ ရှိနေကြတာဆိုတဲ့ အခါကြတော့ ဒီနိုင်ငံရဲ့ အနာဂတ်က နိုင်ငံရေး သမားတွေ လောလောဆယ်မှာ မဖြေရှင်းနိုင်တဲ့ အနေအထား ဒါကြောင့်မို့လို့ ပြည်သူလူထုတွေကလည်း ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့အညီ ဗုဒ္ဓက လမ်းညွန်ခဲ့တဲ့အတိုင်းပေါ့၊ ဗုဒ္ဓက လမ်းညွန်ခဲ့တယ်လေ၊ သူများပြောတာကို မယုံနဲ့တဲ့ ကိုယ်ကိုယ်တိုင် ဆန်းစစ်ရှာဖွေဖော်ထုတ်ပြီးမှ ယုံပါတဲ့၊ ပြည်သူလူထုကလည်း အဖွဲ့အစည်းတွေ ပြောတာကို တစ်ဖက်သတ် မယုံဘဲနဲ့ ဘယ်အဖွဲ့က ပြောတာမို့လို့ အနီအဖွဲ့က ပြောလို့ အနီတွေက ယုံတယ်၊ အစိမ်းတွေက ပြောလို့ အစိမ်းတွေက ယုံတယ်ဆိုတာမျိုးထက် မိမိကိုယ်တိုင် ဆန်းစစ်လေ့လာပြီးတော့မှ အခြေ အနေမှန်ကို သုံးသပ်ကြမယ်ဆိုလို့ ရှိရင်တော့ ပြည်သူလူထုက ဒီပြဿနာကို သူတို့အနေနဲ့ ရွေးချယ်တာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးမမ်းသည်ဟုဆို ကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။

ထို့နောက် ဒီမိုကရေစီအင်အားစုများက လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွှဲခဲ့ပြီး နိုင်ငံတစ်ဝှမ်း လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ တိုင်းပြည်မှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

လက်ရှိ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများအားလုံး တွေ့ဆုံဆွေးနွေးစေလိုကြောင်း၊ ပြည်သူ လူထုများမှာလည်း ဒုက္ခများစွာဖြင့် ရင်ဆိုင်နေကြရကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF)ကို တွေ့ရစဉ်

၎င်းက “ပြည်သူလူထုကလည်း ဒုက္ခပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်၊ စစ်ပွဲဖြစ်လာရင်တော့ ဖြစ်တဲ့နေရာတွေက သေကြမယ်၊ ကြေကြမယ်၊ ဖြစ်မှာပဲလေ၊ အဲဒီတော့ ဒီစစ်ပွဲတွေ အမြန်ဆုံး ငြိမ်းချမ်းဖို့ စစ်ပွဲတွေအကုန်လုံး လျော့နည်းသွားဖို့ကို ကျနော်တို့က နှစ်ဖက်စလုံးပေါ့၊ နှစ်ပူးတွဲပေါ့ကွာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရော၊ PDF အဖွဲ့အစည်းတွေရော၊ တပ်မတော် အဖွဲ့အစည်းတွေရော ဒီစစ်ပွဲတွေ အတတ်နိုင်ဆုံး လျော့နည်းအောင် ကျနော်တို့ လုပ်စေချင်တယ်၊ တစ်ဖက်ကလည်း တပ်စခန်းတွေ တိုက်ခိုက်နေတဲ့ဟာက သိပ်ပြဿနာ မဟုတ်ဘဲနဲ့ ဒီမြို့ရွာတွေမှာ ဝင်ပြီးမှ မြို့ပြတွေမှာ ဝင်ပြီးမှ တိုက်တာမျိုးတွေ ဒါက တကယ်တမ်းတော့ မြို့ပြတွေမှာ ကျေးရွာ တွေမှာ ဝင်ပြီးတိုက်တာမျိုးက တပ်မတော်ကို တိုက်တာမဟုတ်ဘူး။ ပြည်သူလူထုကို ဒုက္ခရောက်အောင် ပြည်သူ လူထု စိတ်ဆင်းရဲအောင် လုပ်တဲ့သဘောပဲ၊ အဲဒီတော့ ဘာပဲပြောပြော ကျနော်တို့ကတော့ တိုက်ပွဲကို လျော့နည်း စေချင်တယ်၊ တိုက်ပွဲကို လျော့နည်းအောင်လုပ်ပြီး တွေ့ဆုံဆွေးနွေးရေးကို အဓိက လုပ်စေချင်တယ်” ဟု ပြော သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူလူထုများမှာ စားဝတ်နေရေး အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု၊ နယ်မြေ မလုံခြုံမှု၊ ငွေကြေးဖောင်းပွမှု စသဖြင့် ရင်ဆိုင်နေကြရသည်။

ထိုပြဿနာများအား ဖြေရှင်းနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့၊ အာဆီယံ အပါအဝင် နိုင်ငံတကာမှ ကြိုးပမ်းနေသည့်တိုင် ဖြေရှင်းနိုင်ခြင်း မရှိနိုင်သေးကြောင်း သိရသည်။