CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉

နွေဦးတော်လှန်ရေးတွင် ပါဝင်၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသော ချင်းအမျိုးသားတပ်ဦး(CNF)သည် မြန်မာ့တပ်မတော်နှင့် လျှို့ဝှက်ဆက်သွယ်၍ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်ဟု ဇိုမီးနိုင်ငံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ZPCC)/ ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း-ZRA) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ZRA သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အတူတကွ လက်တွဲချိတ်ဆက်ရန် ကြိုးပမ်းခဲ့ရာတွင် USDP အစိုးရလက်ထက်၌ ချင်းအမျိုးသားတပ်ဦး(CN F)က မိမိတို့ ZRA ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တွင် အဖွဲ့ဝင်ဖြစ်ရေးမှ ဟန့်တားခဲ့သလို NLD အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UP DJC)အဖွဲ့ဝင်ဖြစ်ရေးမှ ဟန့်တားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ နွေဦးတော်လှန်ရေးကာလတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)အဖွဲ့ဝင် ဖြစ်ရေး မှ ဟန့်တားခဲ့ခြင်းနှင့် ဇိုမီးလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိရေးကို နည်း လမ်းမျိုးစုံဖြင့် ခေတ်အဆက်ဆက်တွင် ဟန့်တားပိတ်ပင်ခဲ့ကြသည်ဟု ZPCC/ZRA က ထုတ်ပြန်ခဲ့သည်။

ချင်းအမျိုးသားတပ်ဦး(CNF)ကို တွေ့ရစဉ်

ZPCC/ZRA က “ပြည်သူလူထုက ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း)-ZRA (Eastern Command) ကို အမြင်မှားစေရန်အတွက်၊ မြန်မာစစ်တပ်ကို အားပေးကူညီသည်ဟု စွပ်စွဲကာ၊ မုသားဝါဒ အသုံးချပြီး သတင်း အမှား ဖြန့်ဝေခြင်းမှအစ နည်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ချင်းအမျိုးသားတပ်ဦး(CN F) အဖွဲ့အနေဖြင့် ယခင်က မြန်မာစစ်တပ်နှင့် ဆက်သွယ် လက်တွဲခဲ့သည့်အတိုင်း ယနေ့ကာလတွင် လျှို့ဝှက် ဆက်သွယ်၍ တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်”ဟု ပြောသည်။

CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ချင်း လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး တွင် ပါဝင်၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)တွင် CNF ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်း က ဝန်ကြီးအဖြစ် တာဝန်ယူထားသလို PDF များကိုလည်း CNF က စစ်သင်တန်းပေးလျက်ရှိပြီး ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ကာ နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို ငြင်းဆန်ထားသည်။

သို့သော် ZPCC/ZRA ကတော့ CNF သည် မြန်မာ့တပ်မတော်နှင့် လျှို့ဝှက်ဆက်သွယ်၍  တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲကာ ထုတ်ပြန်ခဲ့သည်။ 

ထို့နောက် ချင်းအမျိုးသားတပ်ဦး(CNF)မှ ဦးဆောင်ဖွဲ့စည်းခဲ့သည့် ချင်းပြည်ကောင်စီ(Chinland Council)၊ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ကို ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA) နှင့် ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ZPCC)တို့က အသိအမှတ်မပြုကြောင်းနှင့် ချင်းပြည် နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ(CRCH)ကိုလည်း အသိအမှတ်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

 ZPCC/ZRA ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

အလားတူ CNF က ရေးဆွဲပြဋ္ဌာန်းခဲ့သော် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ(Chinland Constitution)ကိုလည်း အသိအမှတ်မပြုကြောင်း ZPCC/ZRA က ပြောသည်။

ZPCC/ZRA က “ မြန်မာ့နွေဦးတော်လှန်ရေး ကာလတွင်၊ ဇိုဂမ် (ခေါ်) ဇိုမီးပြည်အတွက် ဇိုမီးလူမျိုးတို့၏ နိုင်ငံ ရေး ဦးတည်ချက်နှင့် လမ်းစဉ်အဖြစ် ဇိုဂမ်ပဋိညာဉ်ကို ဇိုမီးတိုင်းရင်းသားများကိုယ်စား ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး ကော်မတီ(ZPCC)မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် ပြဋ္ဌာန်းအတည်ပြု ကြေညာခဲ့ပြီးဖြစ်သည်။ အသစ်ထွက်ပေါ်လာသည့် ချင်းပြည်ကောင်စီ၏ နိုင်ငံရေးပါတီ အစုအဖွဲ့တွင် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်(ZCD)ပါတီနှင့် ZCD ပါတီမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိ သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ထဲတွင်လည်း ဇိုမီးတို့၏ အမျိုးသားတပ်မတော်ဖြစ်သည့် ဇိုမီး တော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) အဖွဲ့ မပါဝင်ခဲ့ပေ။ သို့ဖြစ်၍ ချင်းအမျိုးသားတပ်ဦး(CNF) အဖွဲ့ က ဦးဆောင်ရေးဆွဲသည့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဇိုဂမ်ပဋိညာဉ် ပြဋ္ဌာန်းချက်ပါအတိုင်း ဇိုဂမ် (ခေါ်) ဇိုမီးပြည်နှင့် ဇိုမီးလူမျိုးတို့အပေါ် လုံးဝ သက်ရောက်ခြင်း မရှိကြောင်း ကြေညာအပ်သည်”ဟု ထုတ်ပြန် ခဲ့သည်။

ZPCC/ZRA ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF)မှ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။