CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နယ်မြေကိစ္စ သဘောတူညီမှု ရယူထားသော်လည်း ချင်းပြည်နယ်မှ ကာကွယ်ရေး အဖွဲ့များက စတင်၍ တိုက်ခိုက်လာခြင်းကြောင့် ပဋိပက္ခဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) (အရှေ့ပိုင်းတိုင်း ဌာနချုပ်) ပြန်ကြားရေးတာဝန်ခံ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။

ချင်းပြည်နယ်တွင် လှုပ်ရှားနေသည့် ဇိုမီးလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ZRO/ZRA သည် တပ်မတော်နှင့် ပူးပေါင်းကာ CDF များ ကို တိုက်ခိုက်နေသည့်အတွက် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာကြောင်း ချင်းကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။

ချင်းကာကွယ်ရေးအဖွဲ့များက စတင်ကာ ZRA ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ ချင်းကာကွယ်ရေးအဖွဲ့များက စွပ်စွဲထားသည့် စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA-အရှေ့ပိုင်းတိုင်း ဌာနချုပ်) ပြန်ကြားရေးတာဝန်ခံ ပူဇိုထန်က ပြောသည်။

ပူဇိုထန်က “ကျနော်တို့မှာ ကိုယ့်နယ်မြေကို ကိုယ်ထိန်းပိုင်ခွင့်ရှိကြောင်း ကျနော်တို့ ၂၀၂၁ ခုနှစ်၊ ဧပြီလလောက်မှာ ကျနော်တို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ပြောထားပြီးသား သူတို့နဲ့ ကျနော်တို့ ခင်ဗျားတို့ ကိုယ့်နယ်မြေကို တိုင်းရင်းသား လက်နက် ကိုင်တွေက ကာကွယ်ကြပါ၊ PDF သင်တန်းသားရှိရင်လည်း ဒါမှမဟုတ် အကူအညီ ပေးနိုင်ရင်လည်း ပေးကြပါဆိုပြီးမှ သူပြောထားတာရှိပြီးသား ကျနော်တို့မှာ၊ အဲဒါနဲ့ ကျနော်တို့ ကိုယ့်နယ်မြေကို ကိုယ်ထိန်းရင်းနဲ့ လုပ်တာကို သူတို့က လာတိုက် တာလေ၊ အဲဒါကြောင့် သူတို့က ကျနော်တို့ထက်တောင် အကြမ်းဖက် သေးတယ်လေ၊ အဲဒါကြောင့် ဒီစွပ်စွဲချက်က ဆင်ခြင်တုံ တရားမဲ့တဲ့ စွပ်စွဲချက်ပဲ” ဟု ပြောသည်။

ထို့ပြင် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းဆိုသည့် စွပ်စွဲချက်များကိုလည်း ၎င်းက ငြင်းဆိုခဲ့ပြီး PDF တပ်ဖွဲ့ဝင်များကသာ ၎င်းတို့ကို အင်အားသုံး၍ စတင်တိုက်ခိုက် လာခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

CNF တပ်ဖွဲ့ကို တွေ့ရစဉ်

ပူဇိုထန်က “ကျနော်တို့ လုံးဝမရှိဘူး၊ လုံးဝမရှိဘူး သူတို့ပဲ၊ ခုနပြောသလိုပဲ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျနော်တို့ ကိုယ့်နယ်မြေ ကို ကိုယ် လှည့်ရင်းသွားတဲ့အချိန်မှာ သူတို့က အင်အား ၇၀ လောက်နဲ့ ကျနော်တို့ တပ်ဖွဲ့ ၃၀ လောက်ကို ရွာတစ်ရွာမှာ အိပ်စက် အနားယူတဲ့အချိန်မှာ သူတို့လာပစ်တာကိုး၊ သူတို့ပဲ၊ သွေးထွက်သံယိုမှုဖြစ်အောင် သူတို့ပဲ လုပ်တာလေ၊ အဲဒါကြောင့် သူတို့မှာ ပိုပြီးတော့ အကြမ်းဖက်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ဇိုမီးတော်လှန်ရေးတပ်မတော်(ZRO/ZRA)သည် တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ဖြစ်ကြောင်း၊ ထို့နောက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ချင်းလက်နက်ကိုင်တပ်များ ပူးပေါင်းဖွဲ့စည်းထား သည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ (CJDC) ကို ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းပြည်နယ် ဒေသအသီးသီးရှိ ချင်းဒေသ ကာကွယ်ရေးတပ်(CDF) အပါအဝင် အဖွဲ့ ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

ZRO/ZRA အဖွဲ့သည် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ်များ အပါအဝင် မြန်မာ -အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် နယ်စပ်တို့တွင် လှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းကလည်း အိန္ဒိယနယ်စပ်အနီးတွင် ZRA နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။