CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ယခု ၂၀၂၄ ခုနှစ်ကို မြန်မာ့တပ်မတော်အား အပြီးတိုင်ချေမှုန်းမည့် မှတ်တိုင်နှစ်ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။

တပ်မတော်အလွန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ တည်ငြိမ်စေရေးနှင့် အသွင်ကူးပြောင်းရေးကာလ ချောမွေ့စွာ ရောက်ရှိပြီး ကျူးလွန်သူများအား တရားစီရင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မန်းဝင်းခိုင်သန်းက “၂၀၂၄ ခုနှစ်၊ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းမယ့်နှစ်မှာ ကျနော်တို့ ရှင်းလင်းပြီး မဟာမိတ်များ ပိုမိုအင်အားကောင်းလာရေး၊ တော်လှန်ရေးအတွက် ရင်ဘတ်ချင်းတူ ရည်ရွယ်ချက်ချင်းတူတဲ့ အင်အားတူအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ရေး၊ စစ်ကောင်စီအလွန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ တည်ငြိမ်စေရေး၊ အသွင်ကူးပြောင်း ရေးကာလ ချောမွေ့စွာရောက်ရှိပြီး ကျူးလွန်သူများကို တရားမျှတမှုအတွက် လူထုထိခိုက်မှုများ ပြန်လည်ကုစား နိုင်ရေးအတွက် တရားစီရင်နိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်သွားမယ် ဆိုတာကိုလည်း ပြည်သူ့ကိုယ်စားလှယ် ကြီးများ ရှေ့မှောက်မှာ ကတိပြု ပြောကြားလိုပါတယ်။ အထက်ပါ တင်ပြခဲ့သလို ၂၀၂၁ ဆန့်ကျင်ရေး၊ ၂၀၂၂ အခိုင်အမာ၊ ၂၀၂၃ စုစည်းအပြီးမှာ ၂၀၂၄ ခုနှစ်မှာတော့ အကြမ်းဖက် စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းမယ့် မှတ်တိုင်နှစ်အဖြစ် မဟာမိတ်များနှင့် အားလုံးအတူတကွ အစွမ်းကုန် ပူးပေါင်းဆောင်ရွက် သွားကြဖို့ရန် ကျနော် တို့ အစိုးရမှ အသင့်ဖြစ်နေပြီဖြစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လေးလေးနက်နက် ကတိပြု ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု ပြောသည်။

 NUG အဖွဲ့ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က NUG မှ ထုတ်ပြန် ကြေညာခဲ့သော ဘုံသဘောထားရပ်တည်ချက်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ပါဝင်သည်။

အဆိုပါ ဘုံသဘောတူညီချက်ကို [K3C] ဟုခေါ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) စသော  တိုင်းရင်းသား မဟာမိတ် အစုအဖွဲ့များကြားတွင် သဘောတူညီချက်အားဖြင့် ရရှိထားသည့်အချက်များ ဖြစ် ကြောင်း၊ ဆက်လက်၍ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများ စုရုံးသဘောတူညီစေမှုကို ဆက်လက် ကြိုးပမ်းရမှာဖြစ်ကြောင်း NUG ၏ ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ဆွဲကိုင် တော်လှန်မှုကို ဒီမိုကရေစီအင်အားစုများက ဆင်နွှဲခဲ့ကြသည်။

ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို ငှဲ့ညာ၍ အဖြေတစ်ခုကို ရစေလိုကြောင်း၊ ပြည်သူလူထုများမှာ အကျပ်အတည်း အမျိုးမျိုးကို ရင်ဆိုင်နေကြရကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

၎င်းက “ကြွေးကြော်သံဆိုတာကတော့ ဒီလိုပဲပေါ့၊ ဒီလိုပဲ ကြွေးကြော်ကြရတာပဲလေ၊ ဒါပေမဲ့လို့ တကယ့် လက်တွေ့နဲ့ကြ အဲဒါက ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်ပေါ့နော်၊ ဖြစ်သွားနိုင်စရာ အကြောင်းတွေလည်း ရှိတာပေါ့၊ နောက်မဖြစ်နိုင်တဲ့ အကြောင်းလေးတွေကလည်း သူ့ဖက်ကိုယ့်ဖက် ရှိတာပေါ့နော်၊ အဲဒါတော့ ကျနော်တို့တော့ ဘယ်ပါတီဝင်မှ မဟုတ်ဘူးဆိုတော့ ကြားကလူတွေ အမြင်နဲ့ကတော့ အဖြေတစ်ခု ရစေချင်တာ ပေါ့နော်၊ အဖြေတစ်ခုရပြီးတော့ တိုင်းသူပြည်သားတွေ မျက်နှာကို ငှဲ့စေချင်တာပေါ့နော်၊ ငှဲ့စေချင်တယ်။ တိုင်းသူ ပြည်သားတွေ အရမ်းဆင်းရဲ ဒုက္ခရောက်နေတယ်၊ တစ်ဖက်ကလည်း သေဘေးအန္တရာယ်က ပုံသဏ္ဍန်မျိုးစုံနဲ့ သေဘေးနဲ့ ရင်ဆိုင်နေရတယ်၊ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီအခါမှာ စိတ်မကောင်းဘူးပေါ့နော်၊ အဲဒီလိုတော့ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းပြည်တစ်ဝှမ်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။ 

အဆိုပါ တိုက်ပွဲများကြောင့် ပြည်သူလူထုများမှာ စီးပွားရေးအကျပ်အတည်း၊ ခရီးသွားလာမှု အခက်အခဲ၊ မလုံခြုံမှုများ နေ့စဉ်နှင့်အမျှ ခံစားနေကြရသည်။