CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇

ထိုင်းနိုင်ငံက ဦးဆောင်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များသည် မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားနေသော လက်နက်ကိုင်များနှင့် မြန်မာ့တပ်မတော်အကြား ဆွေးနွေးညှိနှိုင်းမှုများ ဆီသို့ ဦးတည်ရောက်ရှိစေရန် လမ်းခင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး သီဟဆက်ခ် ဖူအန်ကတ်ကူး (Sihasak Phuangketkeow)က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂၀,၀၀၀ နှင့် ဒေသခံ အဖွဲ့အစည်းများကို အစားအစာနှင့် ဆေးဝါးများပေးပို့ရန် ယခုလကုန်ပိုင်း၌ မဲဆောက်-မြဝတီ နယ်စပ်အနီးရှိ ထိုင်း-မြန်မာနယ်စပ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး ဇုန်တစ်ခု ထူထောင်ရန် စီစဉ်ထားကြောင်း မစ္စတာ သီဟဆက်ခ်က ပြောသည်။

ထိုအစီအစဉ်သည် မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့်  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ရန် မစွမ်းဆောင်နိုင်ခဲ့သည့် အာဆီယံ၏ အားထုတ်ကြိုးပမ်းမှုများကို ပိုမိုမြင့်တက်စေလိမ့်မည်ဖြစ်ကြောင်း သီဟဆက်ခ်က ပြောသည်။

ထိုင်းဘက်ကို ကူးပြီး စစ်ရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရစဉ်

အဆိုပါ အစီအစဉ်၏ နောက်ဆုံးရည်မှန်းချက်မှာ ပဋိပက္ခကို ထိန်းချုပ်ရန်နှင့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ဖြစ်သည်ဟု ဆိုသည်။

"မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီး တည်ငြိမ်မှု ပျက်ယွင်းလာမယ့် အခြေအနေမျိုးကို ကျနော်တို့ မမြင်ချင်ပါဘူး" ဟု သီဟဆက်ခ်က ပြောကြားခဲ့ပြီး ထိုအစီအစဉ်သည် ထိရောက်မှု၊  ယုံကြည်အားထားနိုင်မှု၊ ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာ၏ ကိုယ်စားလှယ်တစ်ဦးအကြား ပြဋ္ဌာန်းခဲ့သည့် အစီအစဉ်အရ ထိုင်းနှင့် မြန်မာ ကြက်ခြေနီအဖွဲ့များသည် အာဆီယံ၏ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့၏ လေ့လာစောင့်ကြည့်မှုအောက်တွင် ကူညီထောက်ပံ့မှုများကို ပေးပို့ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက်ပိုင်း ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ 

KIA စစ်ဦးစီးချုပ် ခေါင်လွမ်းနဲ့ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ကိုတွေ့ရစဉ်

ထို့ပြင် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူပေါင်း ၂ ဒသမ ၆ သန်း ထက်မနည်းရှိခဲ့ပြီး လူ ၁၈ သန်းကျော်သည် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလက မြန်မာ့တပ်မတော် ခေါင်းဆောင်များ သဘောတူခဲ့သည့် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ်မှာလည်း တိုးတက်မှုမရှိခဲ့ဘဲ ထိုငြိမ်းချမ်းရေးအစီအစဉ်၏ အဓိကရည်ရွယ်ချက်သည် မြန်မာ့တပ်မတော် နှင့်လက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများ ပြုလုပ်ရန်ဖြစ်သည်။

မစ္စတာ သီဟာဆက်ခ်ကမူ ထိုင်းနိုင်ငံ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အစီအစဉ်သည် ထိုဆွေးနွေး မှုများကို ဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု ပြောကြားခဲ့သော်လည်း မြန်မာ့တပ်မတော်သည် ဆွေးနွေးမှုများကို သဘောတူမည် ဟုတ်၊ မဟုတ်ကို ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။

Source: ဘန်ကောက်ပို့စ်