CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈

တပ်မတော်(ရေ)ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင် အပါအဝင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မမှူး တချို့ကို အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ကြောင်း နေပြည်တော်စစ်ရုံးချုပ်မှ သတင်းရင်းမြစ်များထံမှ သိရသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်ကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးမိုးအောင် နေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို အစားထိုး တာဝန်ပေးလိုက်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို တွေ့ရစဉ်

အလားတူ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုး မင်းထွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး ၎င်းနေရာမှာ  နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ်အား အစားထိုး ခန့်အပ်ခဲ့သည်။

ထို့အပြင် ငွေစက္ကူနှင့်ထီလက်မှတ်များ ပုံနှိပ်ထုတ်ဝေသည့် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြား ရေးမှူးရုံး၏ ကကလုံ ညွှန်မှူးကို အရန်အင်အားသို့ ပြောင်းရွှေ့လိုက်ပြီး ဒုညွှန်မှူးကို ညွှန်မှူး အဖြစ် အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

ထို့နောက် တပ်မချုပ်(၂၂)မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်စိုးလင်းကို တပ်မချုပ်(၆၆) တပ်မမှူးအဖြစ် ရာထူးတိုး ခန့်အပ် တာဝန်ပေးလိုက်သလို စကခ(၈) ဒုစကမှူးကို တပ်မ ၅၅ တပ်မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့ ကြောင်း နေပြည်တော်စစ်ရုံးချုပ်နှင့် နီးစပ်သူများထံမှ သိရသည်။