CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် အစား ဗိုလ်ချုပ်ကြီးမိုးအောင်ကို အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် နစကမှ သတင်းထုတ်ပြန် ကြေညာသွားသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးအဖြစ်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ဥက္ကဋ္ဌအဖြစ်လည်းကောင်း အသီးသီး တာဝန်ယူထားသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နေရာမှာ အစားထိုးခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီးမိုးအောင်သည် ကာကွယ်ရေးဦးစီး ချုပ်(ရေ)အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးမိုးအောင် နေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား အစားထိုး ခန့်အပ် တာဝန်ပေးလိုက်သည်။

လက်ရှိတွင် ဗိုလ်ချုပ်ကြီးမိုးအောင်သည် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)၊ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း တာဝန် ယူသွားမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုလှိုင် အားလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦး အားလည်းကောင်း အသီးသီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာ နစကမှ ထုတ်ပြန်သွားသည်။