CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈

အာဆီယံအထူးကိုယ်စားလှယ်နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

လာမည့် ဇန်နဝါရီ ၁၀ ရက်နေ့မှာ တွေ့ဆုံရန်ရှိကြောင်း၊ လက်ရှိတွင် မိမိတို့ အပစ်ရပ် ၅ ဖွဲ့မှ တက်ရောက်ရန် ရှိနေပြီး ကျန်အဖွဲ့အစည်းများ တက်ရောက်ခြင်း ရှိ/မရှိကို မသိရှိသေးကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး စောကျော်ညွန့်က “လောလောဆယ် ကျနော် confirm ဖြစ်တာကတော့ အပစ်ရပ်အဖွဲ့ထဲက ၅ ဖွဲ့ လောက်တော့ တက်ဖို့တော့ ကျနော်အဲဒီလို နားလည်မှု ရှိတယ်ခင်ဗျ။ ဒါကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်ပေါ့လေ၊ အဲဒါ အသစ်လည်း ဟုတ်တယ်၊ လာအိုက ကျနော်တို့ ဒီအာဆီယံဥက္ကဋ္ဌ ပြန်လည်ပြီးတော့ တာဝန်ယူတဲ့ကာလမှာကတော့ ပထမဦးဆုံးတွေ့ဆုံနိုင်တဲ့ အခင်းအကျင်းလည်း ဖြစ်တယ်။ ဘာတွေ ဆွေးနွေးကြ မလဲဆိုတဲ့ agenda အရကတော့ ကျနော်လည်း သေသေချာချာတော့ မသိဘူး။ အခုလိုမျိုး အာဆီယံဥက္ကဋ္ဌရဲ့ ကိုယ်စားလှယ်ကနေပြီးတော့ ပထမဦးဆုံးအကြိမ် လာရောက်တွေ့ဆုံတဲ့ ပွဲမှာကတော့ ကျနော်စိတ်ထင်ကတော့ ကိုယ်ကလည်း agenda တွေ သတ်သတ်မှတ်မှတ် ဘယ်လိုရှိသလဲဆိုတာ ကိုယ်ကလည်း အတိအကျ မရှိတဲ့အခါ ကြတော့ မသိနိုင်ဘူး။ အဓိကတော့ လက်ရှိကြုံတွေ့နေရတဲ့ ကျနော်တို့နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းကို အာဆီယံရဲ့ 5 point consensus အပေါ်မှာ အကောင်အထည်ဖော်ပြီးတော့ ဘယ်လို ကျော်လွှားနိုင်အောင် လမ်းစ ရှာနိုင်ကြမလဲဆိုတာ ပထမဦးဆုံးတွေ့ဆုံ မိတ်ဆက်တဲ့ပွဲလည်း ဖြစ်သလို စတင်ပြီးတော့ အမြင်သဘောထားတွေ ဖလှယ်တဲ့ပွဲလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျ၊ အတိအကျတော့ ကျနော်မပြောနိုင်ပါဘူးခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူခဲ့စဉ်တုန်းကလည်း အာဆီယံအထူးကိုယ်စား လှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော မစ္စတာပရတ်ဆိုခွန်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က NCA ထိုး ထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နဲ့ PPST ကိုယ်စားလှယ်များကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်တွေ့ရစဉ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲခဲ့သော နိုင်ငံရေး အခင်းအကျင်းများအရ KNU၊ CNF နှင့် ABSDF တို့သည် PPST တွင် ပါဝင်မှုအဆင့်များကို လျှော့ချထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ့ဆုံဆွေးနွေးပွဲ များ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

ထို့အတူ အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများကလည်း ဇန်နဝါရီ ၁၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း၊ နစက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးကြမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

 ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီ ၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

၎င်းက “မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အာဆီယံကိုယ်စားလှယ် လာတာတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံ စိတ်ဝင်စား လာတယ်ပေါ့ဗျာ၊ အခုလုပ်မယ့် ရွေးကောက်ပွဲကလည်း နိုင်ငံတကာက လက်ခံအသိအမှတ်ပြု ရွေးကောက်ပွဲ ဖြစ်စေချင်တယ်ဗျ၊ ကျနော်တို့ ပါတီတွေ အနေနဲ့လေ၊ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ ပါတီတွေ ပါဝင်ပူးပေါင်း မယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံတကာ အသိအမှတ်ပြုစေတဲ့ ရွေးကောက်ပွဲတော့ ဖြစ်ရင်တော့ ကျနော်တို့လည်း ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်ကိုတော့ ဖော်ဆောင်နိုင်မှာပေါ့ဗျာ၊ အခုစပြီး အာဆီယံက လာပြီးမှ လာ Join တာ ပေါ့ဗျာ၊ Join တဲ့အခါကြတော့ ဘာပဲပြောပြော ကျနော်တို့ အနေနဲ့ သိက္ခာတစ်ရပ်တော့ ရှိလာတာပေါ့၊ ငြိမ်းချမ်း ရေး ကိစ္စကတော့ ကျနော်တို့က အတိအကျတော့ ပြောလို့မရဘူးဗျ၊ သူတို့လည်း ရှင်းရှင်းပြောရရင်တော့ အာဆီယံ မှာလည်း တရုတ်ကြီးက လက်တံလည်း ရှည်တာကိုးဗျ၊ ဒီအာဆီယံအထူးကိုယ်စားလှယ် အပေါ်မှာလည်း သူ့ရဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာ ကျနော်တို့လည်း ပြောလို့တော့ မရသေးဘူးဗျ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင်း တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

ထိုပဋိပက္ခများအား ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီများ၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ကြိုးပမ်းလျက်ရှိနေသည်။