CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉

ပင်လယ်နီ (Red Sea)တွင် ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေသည့် ယီမင်နိုင်ငံ၏ ဟူရ်သီ (Houthi)သူပုန်များ ၏ တိုက်ခိုက်မှုများအား တုန့်ပြန်ရန် အမေရိကန်က ဦးဆောင်သော ပင်လယ်ရေကြောင်းဆိုင်ရာ ကာကွယ်ရေး တပ်ဖွဲ့အသစ် ဖွဲ့စည်းမှု၌ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ရန် အမေရိကန်၏ မဟာမိတ်များက တွန့်ဆုတ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ Operation Prosperity Guardian ဟု အမည်ပေး ဖွဲ့စည်းခဲ့ သည့် ပင်လယ်နီတွင် ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ဟူရ်သီတို့၏ တိုက်ခိုက်မှုများအပေါ် နိုင်ငံတကာ၏ ခိုင်မာသည့် တုန့်ပြန်ဆောင်ရွက်မှုတစ်ခုအဖြစ် မျှော်လင့်ခဲ့သည်။

သို့သော် ထိုတပ်ဖွဲ့ ဖွဲ့စည်းအပြီး တစ်ပတ်အကြာတွင် အမေရိကန်၏ မဟာမိတ်များက ထိုတပ်ဖွဲ့ထဲ၌  ထဲထဲ ဝင်ဝင် ပါဝင်လှုပ်ရှားလိုခြင်း မရှိသည့်ပုံစံများကို သိသာထင်ရှားစွာ  ပြသခဲ့သည်။ 

အမေရိကန်၏ ဥရောပမဟာမိတ် ၂ နိုင်ငံဖြစ်သည့်် အီတလီနှင့် စပိန်တို့ကမူ ၎င်းတို့သည် Operation Prosperity Guardian တပ်ဖွဲ့တွင် ပါဝင်ကြောင်း စာရင်းသွင်းထားသော်လည်း ထိုတပ်ဖွဲ့နှင့် ခပ်ကင်းကင်းနေလိုသည့် ပုံစံမျိုး ရေးသားထားသည့် အစီရင်ခံစာများကို ထုတ်ပြန်ခဲ့သည်။ 

ပင်လယ်နီအတွင်း ဖြစ်သန်းနေတဲ့ သင်္ဘော တစ်စင်းကို တွေ့ရစဉ်

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကမူ Operation Prosperity Guardian တပ်ဖွဲ့သည် ယီမင်နိုင်ငံ၏ ကမ်းလွန်ရေပြင်များတွင် ဒေါ်လာဘီလျံချီ တန်ကြေးရှိသည့် ပင်လယ်ကူးသင်္ဘော လမ်းကြောင်းများကို ကာကွယ်ရန် ဖွဲ့စည်းထားသော နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်သည့် ကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် လက်ရှိအချိန်အထိ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည့် နိုင်ငံပေါင်း ၂၀ ကျော်တွင် ၁၀ နိုင်ငံသာ ပါဝင်ရန် စာရင်းပေးထားဆဲ ဖြစ်သည်။ 

ထိုညွန့်ပေါင်းအဖွဲ့တွင် ပါဝင်စာရင်းပေးထားသည့် ၁၀ နိုင်ငံထဲကလည်း စစ်သင်္ဘောများ ဖြန့်ကြက်ချထားခြင်း မရှိသေးဘဲ စစ်တပ်အရာရှိ အနည်းငယ်ကိုသာ စေလွှတ်ထားဆဲဖြစ်သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဘိုင်ဒန်က အစ္စရေးကို ခိုင်မာစွာ ထောက်ပံ့ပေးထားသဖြင့် ဂါဇာပဋိပက္ခနှင့်ပတ်သက် ပြီး အမေရိကန်၏ မဟာမိတ်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားနေနိုင်သည့် အခြေအနေကို Operation Prosperity Guardian စစ်ဆင်ရေးက မီးမောင်းထိုးပြသရာ ရောက်နေသည်ဟုလည်း ကျွမ်းကျင်သူများက ပြော ကြားခဲ့သည်။

လက်ရှိတွင် Operation Prosperity Guardian ညွန့်ပေါင်းကာကွယ်ရေးတပ်ဖွဲ့အတွင်း ပါဝင်သည့် နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ ဂရိ၊ နယ်သာလန်၊ နော်ဝေ၊ သြစတြေးလျနှင့် ဆေးချဲလ်စ် ကျွန်း နိုင်ငံများ ဖြစ်သည်။ 

Source: ရိုက်တာ