CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)သည် ဧပြီ ၂၄ ရက်နေ့က လူ ၁၀ ဦးကို သေ ဒဏ်ချခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဥရောပသမဂ္ဂ(EU) ယနေ့ (ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ သေဒဏ်ချသည့် ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချပြီး အချိန်တိုင်း ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် သေဒဏ်ချမှုအား ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်းကို ထပ် လောင်း အတည်ပြုပါသည်ဟု EU က ထုတ်ပြန်ခဲ့သည်။

EU က “ သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သော ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်း ပယ်မှုကို ကိုယ်စားပြုသည်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသော နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် ဖြစ်သင့်ပါသည်”ဟု ပြောသည်။

MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ၎င်းတို့တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး၊ ဒေသဆိုင်ရာ အတွင်းရေးမှူးနှင့် အရပ်သား စုစုပေါင်း ၁၀ ဦးကို လူပြန်ပေးဆွဲမှု၊ ငွေကြေးနှင့် ရွှေထည်များ လုယက်မှု၊ အာဏာအလွှဲသုံးစားပြုမှုတို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့က လူအများရှေ့မှာ သေဒဏ် စီရင်ခဲ့သည်။

MNDAA သည် AA နှင့် TNLA တို့ဖြင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင် ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်းမှာ MNDAA က လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ဖောင်းဆိုင်၊ ကြူ ကုတ်၊ သိန္နီ စသည့် မြို့နယ်များကို သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ထူထောင်လျက်ရှိနေသည်။