CNI International News

တိုင်ပေ၊ ဒီဇင်ဘာ ၁ 

ထိုင်ဝမ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပမည့် ရွေးကောက်ပွဲကာလ နီးကပ်လာချိန်၌  ထိုင်ဝမ်ကျွန်းအနီး ဝန်းကျင်တွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုမြင့်တက်လာသည်ဟု CNA မှ ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၃၀ ရက်က တရုတ်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်း မောင်းနှင် ခဲ့မှု အပါအဝင် ထိုင်ဝမ်ကျွန်း အနီးဝန်းကျင်တွင် တရုတ်၏ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို တွေ့ရှိခဲ့ရ ကြောင်း ထိုင်ဝမ်က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်က ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာခံထားရသည့် ထိုင်ဝမ်သည် ပြီးခဲ့သည့်် ၄ နှစ်တာ ကာလ အတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်တပ်၏ ကင်းလှည့်မှုများ၊ စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်ပြီး မကြာခဏ စောဒကတက်ခဲ့သည်။

ထိုင်ဝမ်ရွေးကောက်ပွဲတွင် ပြည်သူတစ်ဦးကိုတွေ့ရစဉ်

ထိုင်ဝမ်တွင် ဇန်နဝါရီ ၁၃ ရက်၌ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထား သည်။ 

လက်ရှိတွင် မဲဆွယ်စည်းရုံးမှု ကာလသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေသည်။ 

ထိုရွေးကောက်ပွဲများတွင် တရုတ်နှင့် ဆက်ဆံရေးသည် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအကြား အဓိကထား ယှဉ်ပြိုင်ရမည့် အကြောင်းအရာတစ်ခု ဖြစ်နေသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှစပြီး တရုတ်၏ J-10 နှင့် J-16 တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များကို ထိုင်ဝမ်ကျွန်း၏ အနောက်တောင်ဘက်နှင့် တိုင်ပေမြို့တော်အနီးတွင် ကင်းလှည့်ပျံသန်းခဲ့ကြောင်း ထောက်လှမ်း တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ရွေးကောက်ပွဲနဲ့ ပြည်သူများကိုတွေ့ရစဉ်

တရုတ်စစ်လေယာဉ်များထဲမှ ၁၁ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းမောင်းနှင်ခဲ့သည်။ 

ထိုနေရာဒေသ တစ်ဝိုက်တွင် တရုတ်စစ်သင်္ဘောများနှင့်ပူးတွဲ တိုက်ခိုက်ရေးဆိုင်ရာ ကင်းလှည့်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းသည် ထိုင်ဝမ်နှင့် တရုတ်အကြား တရားမဝင် နယ်စပ်စည်းတစ်ခုအဖြစ် ရှုမြင်ခံထားရပြီး တရုတ်လေယာဉ်များသည် ထိုအလယ်စည်းကို ဖြတ်သန်းဝင်ရောက်ပြီး ပျံသန်းမှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

Source: CAN