CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ၎င်းနှင့် နီးစပ်သော နိုင်ငံရေးပါတီများကိုသာ မှတ်ပုံတင် ချပေး နေကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော် က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီအချို့ ပါတီမှတ်ပုံတင် ထားသော်လည်း မှတ်ပုံတင်ချပေးခြင်း မရှိသေးသလို သတ်မှတ်ထားသော စည်းကမ်းချက်များမှာလည်း အကေောင်အထည်ဖော်ရန် ခက်ခဲကြောင်း ၎င်းက ပြောသည်။

ဦးမျိုးကျော်က “UEC က သူတို့ရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကိုယ်၌ကိုက အခုအချိန် ကာလမှာ ဆိုရင် ဘယ်လိုမှ မဖြစ်သင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဘယ်လိုမှ သူတို့ အကောင်အထည်ဖော်လို့ မရတဲ့ဟာမျိုး အကောင်အထည်ဖော်လို့ မရတဲ့ စည်းမျဉ်းစည်းကမ်းကို သူတို့က သတ်မှတ်ထားတယ်၊ အဲဒီအပြင် ညစ်လည်း ညစ်ချင် သေးတယ်လားလို့ ကျနော်က အဲဒီလိုတွေးတယ်၊ ညစ်လည်း ညစ်ချင်သေးတယ်ဆိုတဲ့ဟာက ဒီလို အခု မှတ်ပုံတင်ထားတဲ့အထဲမှာ သူတို့ချချင်တဲ့ ပါတီဆို ချပေးလိုက်တယ်၊ မှတ်ပုံတင် ချပေးလိုက်တယ်၊ တချို့ တချို့ သော ပါတီတွေကြတော့ သူတို့ ညစ်ထားတဲ့အနေနဲ့ မချပေးဘူးဆရာရယ်၊ ကျနော် ဆိုချင်တာက ဒီလို Register (မှတ်ပုံတင်) စတင်တယ်၊ စတင်ပြီးတော့ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်မှာ ဘယ်ပါတီတွေကိုတော့ သူ့ရဲ့အစဉ် လိုက် အဲဒီလိုဟာမျိုးလည်း မဟုတ်ဘူးဆရာ၊ အဲဒီတော့ သူတို့နဲ့ အလှမ်းသင့်တယ်၊ သူတို့ အဆင်ပြေတယ်ဆိုတဲ့ ဟာမျိုးချပေးလိုက်တယ်၊ အခုချပေးလိုက်ပြီးမှတောင်မှ တချို့တချို့သော သူတို့ ပြန်စစ်ဆေးတဲ့အချိန်မှာ ဒီဟာ ဒီဟာ ပျက်ပြယ်နိုင်တယ်၊ မင်းတို့တွေဟာ အရည်အချင်း မပြည့်မှီဘူးဆိုပြီးတော့ ဒါမျိုးတွေ Warning (သတိပေး) ပေးတဲ့ဟာမျိုးလည်း ကြားနေရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 UEC နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်

လက်ရှိ UEC က သတ်မှတ်ထားသော စည်းမျဉ်းအရ တရားဝင်ဖြစ်ရန် အင်မတန် ခက်ခဲကြောင်း၊ မှတ်ပုံတင်ကျထားသည့်ပါတီ ၃၀ ကျော်ကို လည်း ပြန်လည်စိစစ်မှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၁၄ ပါတီရှိပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီရှိကြောင်း သိရသည်။

ဘက်မလိုက်သည့် UEC ဖြစ်ရန် အစိုးရနှင့် နိုင်ငံရေးပါတီများက ထိန်းကျောင်းရန် လိုအပ်ကြောင်း ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

 ပြည်သူ့ပါတီကို တွေ့ရစဉ်

၎င်းက “UEC က ဘက်မလိုက်တဲ့ UEC ဖြစ်ဖို့ဆိုတာ ထိန်းကျောင်းရမှာက အစိုးရလည်း ထိန်းကျောင်းရမယ်၊ နောက်ပြီးတော့ ကျန်တဲ့ ပြိုင်ပွဲဝင်မယ့် အဖွဲ့အစည်းတွေ ပါတီတွေကလည်း ထိန်းကျောင်းရမှာပေါ့၊ ဘယ်လို လုပ်မလဲ၊ ဒီဟာက ပြန်ထောက်ရမှာပေါ့၊ ခင်ဗျားလုပ်တာ ဒါကတော့ မဟုတ်သေးဘူး။ ဒါကတော့ ဆက်လုပ် သင့်တယ်၊ ဟိုဟာကတော့ နေဦး၊ စသဖြင့် အစိုးရရော ကျန်တဲ့ အဖွဲ့အစည်းတွေပေါ့လေ၊ လက်နက်ကိုင် အဖွဲ့ အစည်းတွေရော၊ နောက် ကျနော်တို့ ပါတီတွေရော ထိန်းကျောင်းပြီးတော့ သူ့ကို နည်းပေးလမ်းပြဖို့တော့ လိုမှာ ပေါ့၊ သို့မဟုတ်လို့ရှိရင် လူတစ်စုအတွက် လျောက်လုပ်နေလို့တော့ အလုပ်သိပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

မိမိတို့ နိုင်ငံရေးပါတီများ အနေဖြင့်လည်း UEC အား အကြံပေးခြင်း၊ အပြုသဘောဆောင် ထောက်ပြ ဝေဖန်ခြင်း များ လုပ်ဆောင်သင့်ကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။

လက်ရှိတွင် ပြည်သူ့ပါတီ(PP)သည်  ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထား သော်လည်း မှတ်ပုံတင် မကျသေးပေ။

ထို့အပြင် ပြည်နယ်အဆင့် မှတ်ပုံတင်ထားသော ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP)ပါတီတို့ သည် ယနေ့အချိန်ထိ မှတ်ပုံတင် မချပေးသေးကြောင်း သိရသည်။