CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၁

ရခိုင်အမျိုးသားနိုင်ငံရေး လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးကို ကိုယ်စားပြု ပြီး ပါတီမှတ်ပုံတင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုဝင် လူမျိုးများနှင့် အနာဂတ် ရခိုင်ပြည်နယ်အတွက် နိုင်ငံရေးအရ ပြောဆိုဆွေးနွေးမှု၊ ဆက်စပ်လုပ်ဆောင်မှုများ လုပ်ဆောင်ရန် လိုအပ်သလို၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြောဆိုဆွေးနွေးရန် လိုအပ်သေးကြောင်း ၎င်းက ပြောသည်။

ဦးသာထွန်းလှက “ရခိုင်လူမျိုးကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ်အနေနဲ့ ကျနော်တို့ ရပ်တည်ပြီး လုပ်ဆောင်နိုင်ဖို့ လိုအပ်သေးတယ်လို့ အဲဒီလို ယူဆတဲ့အတွက်ကြောင့် ရခိုင်အမျိုးသားပါတီကို ရခိုင်အမျိုးသားနိုင်ငံ‌ရေး လိုအပ် ချက်အတွက် နစကကောင်စီက ထုတ်ပြန်တဲ့ ဥပဒေအရဆိုရင် ပြည်ထောင်စု တစ်ဝန်းလုံးကို စည်းရုံးဖို့အတွက် ပါတီအဖြစ် ရပ်တည်ဖို့ ကျနော်တို့ တော်တော် အကျပ်အတည်း ဆိုက်ရောက်သွားတယ်၊ ပြည်ထောင်စု တစ်ဝန်း လုံးကို ရပ်တည်လို့ မရ‌အောင်တော့က ကန့်သတ်ခံလိုက်ရတယ်လို့ ကျနော်တို့ အဲဒီလို ခံစားမိတယ်၊ သို့သော်ငြား လည်း ရခိုင်အမျိုးသားနိုင်ငံရေး လိုအပ်ချက်အတွက် ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးကို ကိုယ်စားပြုပြီး ပါတီတစ်ခု အနေနဲ့ ရပ်တည် ဆောင်ရွက်နိုင်အောင်အတွက် ပြည်နယ်ကိုယ်စားပြု ပါတီအနေနဲ့ ကျနော်တို့ မှတ်ပုံတင်လိုက်တာ ဖြစ်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ANP ၏ဥက္ကဋ္ဌ ဦးသာထွန်းလှကို တွေ့ရစဉ်

အဆိုပါ မှတ်ပုံတင်လိုက်ခြင်းကြောင့် အမြင်သဘောထား ကွဲလွဲမှုများ ရှိနိုင်ကြောင်း၊ သို့သော်လည်း ၎င်း သဘောထား ကွဲလွဲမှုအပေါ် မိမိအနေဖြင့် မှတ်ချက် မပေးလိုကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေး ပြင်ဆင်နေသလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်နည်းဥပဒေများကို ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်လာခြင်းကို လက်ခံလျက်ရှိသည်။

လက်ရှိတွင် နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်လာသည့် ပါတီ စုစုပေါင်း ၃၂ ပါတီရှိကြောင်း၊ ထို ၃၂ ပါတီ အနက် ပြည်ထောင်စုတဝန်းလုံး ပြိုင်မည့် ပါတီမှာ ၈ ပါတီရှိကြောင်း UEC က မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဦးသာထွန်းလှက “ကျ‌နော်တို့ကတော့က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ကျနော်တို့ ကြိုးစား လုပ်ဆောင်နိုင်သ‌လောက် ကျနော်တို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ကျနော် အဲဒီလိုတော့ ပြောလိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကိုတွေ့ရစဉ်

ယခု ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ကြောင်းနှင့် အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်သွားမှာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

သို့သော်လည်း အဆိုပါ ရွေးကောက်ပွဲမှာ နစက၏ နိုင်ငံရေးထွက်ပေါက်ဖြစ်ကြောင်း၊ ၎င်းရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတက ပြောကြားထားသည်။