CNI International News

တိုင်ပေ၊ အောက်တိုဘာ ၅

လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့် ထိုင်ဝမ်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ရန် တရုတ်တွင် နည်းလမ်း အများအပြားရှိသည်ဟု ထိုင်ဝမ်ထိပ်သီး လုံခြုံရေးအရာရှိတစ်ဦးက ပြောကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ထိုနည်းလမ်းများတွင် လူထုသဘောဆန္ဒ စစ်တမ်းများကို ကြိုးကိုင်ခြယ်လှယ်မှု အပါအဝင် စစ်ရေးဖိအားများမှအစ သတင်းအမှားများ ဖြန့်မှုအဆုံး ပါဝင်သည်ဟု ထိုင်ဝမ်က ပြောသည်။

ထိုင်ဝမ်သည် ရွေးကောက်ပွဲများ မပြုလုပ်မီအချိန်တွင် တရုတ်၏ ကြားဝင်စွက်ဖက်နိုင်သည့် အခြေအနေများကို အမြဲတမ်း သတိထားပြီး စောင့်ကြည့်ခဲ့ရသည်။

တရုတ်သည် ၎င်းတို့ လိုလားသည့် ကိုယ်စားလှယ်လောင်းများကို အနိုင်ရရှိစေရန် ကြိုးပမ်းနေသည်ဟုလည်း ထိုင်ဝမ်က ပြောသည်။ 

ထိုင်ဝမ်နဲ့တရုတ် အလံများကိုတွေ့ရစဉ်

"ရွေးကောက်ပွဲတွေမှာ တရုတ်ကွန်မြူနစ်တွေရဲ့ ကြားဝင်စွက်ဖက်မှုဟာ နည်းလမ်း အများအပြား ရှိခဲ့ပါတယ်" ဟု ထိုင်ဝမ်အမျိုးသား လုံခြုံရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် ဆိုင်မင်ယန် (Tsai Ming-yen) က လွှတ်တော်ကော်မတီ အစည်းအဝေးအတွင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

တရုတ်သည် ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်များကို စစ်ပွဲ သို့မဟုတ် ငြိမ်းချမ်းရေးကို ရွေးချယ်ရမည်ဆိုသည့် သတင်းအမှားများ သို့မဟုတ် စီးပွားရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် စစ်ရေး ဖိအားများကို အသုံးပြုနိုင်သည်ဟု လည်း ဆိုင်က ပြောသည်။ 

"လူထုသဘောထားဆန္ဒ ကောက်ယူမှုတွေ၊ ပြည်သူ့ဆက်ဆံရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လူထုဆန္ဒတွေကို ကြိုးကိုင်ခြယ်လှယ်ကာ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ဖို့ လုပ်ဆောင်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အစီအစဉ်တွေကို ကျနော်တို့က အထူးအာရုံစိုက်ပြီး စောင့်ကြည့်နေပါတယ်" ဟု ဆိုင်က ကုမ္ပဏီများ၏ အမည်ကို မဖော်ပြဘဲ ပြောကြားခဲ့သည်။

 ထိုင်ဝမ် ရွေးကောက်ပွဲရလဒ် တွက်နေကြစဉ်

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက မှတ်ချက်ပေးရန် ဖုန်းခေါ်ဆိုမှုကို ဖြေကြားခြင်း မရှိခဲ့ပေ။ 

အာဏာရ DPP ပါတီ၏ ထိုင်ဝမ် ဒုတိယသမ္မတ ဝီလျံလိုင် (William Lai) သည် ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံသူတစ်ဦးဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းစားနေသည်ဟု လူထု သဘောဆန္ဒ ကောက်ယူမှု စစ်တမ်းများအရ သိရသည်။ 

တရုတ်ကမူ လိုင်နှင့် ၎င်း၏ DPP ပါတီကို ခွဲထွက်ဝါဒီများအဖြစ် ရှုမြင်ထားပြီး ၎င်းတို့၏ ဆွေးနွေးပွဲ ကမ်းလှမ်း ချက်များကို မကြာခဏ ငြင်းဆိုခဲ့သည်။ 

လိုင်က ထိုင်ဝမ်ရေလက်ကြား တစ်လျှောက် ရှိရင်းစွဲအခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းမည် မဟုတ်ကြောင်း၊ ထိုင်ဝမ် ဒေသခံများအနေနှင့် ၎င်းတို့၏ အနာဂတ်ကို ၎င်းတို့ကိုယ်တိုင်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ 

ထိုင်ဝမ်တွင် ၂၀၂၀ ပြည့်နှစ်က နောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီးတွင် တရုတ်သည် ထိုင်ဝမ် ကျွန်းအနီးသို့ စစ်သင်္ဘောများ တိုက်လေယာဉ်များ စေလွှတ်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ခဲ့သည်။

Source: ရိုက်တာ