CNI International News

ခါတွမ်၊ စက်တင်ဘာ ၁၈

ဆူဒန်နိုင်ငံတွင် ပြိုင်ဘက် လက်နက်ကိုင် တပ်ဖွဲ့များအကြား နိုင်ငံတကာ၏ တရားဝင်မှုရရှိရန် ပြိုင်ဆိုင်နေသည် ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဆူဒန်၏ အရန်လက်ရုံးတပ် (Rapid Support Forces - RSF) တပ်မှူး မိုဟာမက် ဟမ်ဒန် ဟီမက်တီ ဒါဂလို (Mohamed Hamdan Henedti Dagalo) ၏ ညီဖြစ်သူ အဗ္ဗဒယ် ရာဟင်မ် ဟမ်ဒန် ဒါဂလို (Abdelrahim Hamdan Dagalo)သည် အမေရိကန်တွင်ရှိသည့် ပိုင်ဆိုင်မှုများ ပိတ်ပင်ခံခဲ့ရသည်။

ထို့နောက် အနောက်ဒါဖာ (West Darfur) ပြည်နယ်၏ RSF တပ်မှူး အဗ္ဗဒူ ရာမန် ဂျူးမား (Abdul Rahman Juma) သည်လည်း ဗီဇာ ပိတ်ပင်ခံခဲ့ရသည်။

စက်တင်ဘာ ၆ ရက်က ၎င်းတို့နှစ်ဦး ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရပြီးနောက် RSF အဖွဲ့သည် နိုင်ငံရေးအရ တရားဝင်မှု ရရှိလိုသည့် မျှော်လင့်ချက်လည်း ဆုံးရှုံးသွားခဲ့သည်ဟု ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။

အဗ္ဗဒယ် ရာဟင်မ် ဟမ်ဒန် ဒါဂလိုကို တွေ့ရစဉ်

၎င်းတို့နှစ်ဦးလုံးသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ အထူးသဖြင့် အနောက်ဒါဖာ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဂျူးမားသည် အနောက်ဒါဖာ ပြည်နယ် အုပ်ချုပ်ရေးမှူး ခါမစ် အဗ္ဗဒယ်လာ အဘာကာ (Khamis Abdallah Abakar)ကို ဇွန် ၁၅ ရက်က လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးမှုအတွက် ပိတ်ဆို့မှု ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က ပြောသည်။

"အဲဒီပိတ်ဆို့မှုတွေဟာ ဒါဂလို မိသားစုရဲ့ ပုဂ္ဂိုလ်ရေး ပုံရိပ်အတွက် ထိုးနှစ်ချက်တစ်ခု ဖြစ်ပါတယ်" ဟု Confluence Advisory အဖွဲ့ကို ထူထောင်သည့် ညွှန်ကြားရေးမှူးနှင့် ဆူဒန်အရေး ကျွမ်းကျင်သူ ခါလွတ်ကာယာ (Khalood Kair) က ပြောကြားခဲ့သည်။

အဗ္ဗဒယ်ရာဟင်မ် ဒါဂလိုကမူ အနောက်ဒါဖာဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် စစ်တပ်၏ သွေးထိုး လှုံ့ဆော်မှုကြောင့် ဖြစ်ပွားခဲ့သည့် လူမျိုးစုစစ်ပွဲ၏ ရလဒ်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

RSF လက်နက်ကိုင်တပ်ဖွဲ့ကို တွေ့ရစဉ်

ဆူဒန်စစ်တပ်သည်လည်း RSF နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ထိခိုက်ခဲ့သော ၎င်း၏ ပုံရိပ်ကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းနေသည်။

ထိုအချိန် အတောအတွင်း အမေရိကန်က RSF အပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကြောင့် စစ်တပ်သည် နိုင်ငံရေး အသာစီး ရရှိခဲ့သည်ဟု နိုင်ငံတကာ အကျပ်အတည်းဆိုင်ရာအဖွဲ့ (International Crisis Group) ၏ အာဖရိက ဦးချို (Horn of Africa) ဒေသဆိုင်ရာ ကျွမ်းကျင်သူ အလန် ဘော့စ်ဝဲလ် (Alan Boswell) က ပြောကြားခဲ့သည်။

သို့သော်လည်း ထိုအချက်က အနောက်နိုင်ငံများမှ သံတမန်များအနေဖြင့် ဆူဒန်စစ်တပ်ကို RSF ထက်ပိုပြီး တရားဝင်မှုပေးရန် ဆုံးဖြတ်သည့် သဘောမျိုး မဟုတ်ကြောင်း ဘော့စ်ဝဲလ်က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား