CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၃၁

ထိုင်းနိုင်ငံမှ Move Forward(MFP)ပါတီ၏ လွှတ်တော်အမတ်တစ်ဦးသည် စစ်မှုမထမ်းမနေရဥပဒေမှ ခြွင်းချက် ရရှိပြီး စစ်မှုမထမ်းခဲ့သည့် ဖြစ်စဉ်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang)က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) သည် စစ်တန်းလျားတွင် ဆက်လက် နေထိုင်နေ မှုကို စုံစမ်းစစ်ဆေးလိုကြောင်း ချာချိုအန်ဆောင် (Ghacoengsao) ပြည်နယ်မှ MFP လွှတ်တော်အမတ် ဂျီရတ် သွန်ဆူဝမ် (Jirat Thongsuwan)က ပြောကြားခဲ့ပြီးနောက် ဆူတင်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆူတင်ကမူ ထိုဖြစ်စဉ်နှစ်ခုသည် ဆက်နွှယ်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။

ပရာယွတ်သည် ဝန်ကြီးချုပ် သက်တမ်း ကုန်ဆုံးသွားပြီးကတည်းက ဘန်ကောက်မြို့တော်ရှိ စစ်တပ်ဝင်းအတွင်းရှိ နေအိမ်တွင် နေထိုင်လျက်ရှိပြီး ပရာယွတ်၏ နေပုံထိုင်ပုံကို လေ့လာကြည့််ရှုရန် ပရာယွတ်၏နေအိမ်သို့ သွားရောက်ခွင့်ပြုရန် ဂျီရတ်က လွှတ်တော်၌ အဆိုပြုခဲ့သည်။

"စစ်တပ်အနေနဲ့ သူ့ (ဂျီရတ်) ကို ဘာပြဿနာမှ မဖြစ်စေချင်ပါဘူး။ သင့်အနေနဲ့ အမှားလုပ်မထားဘူးဆိုရင် စိုးရိမ်ဖို့မလိုပါဘူး"ဟု ကာကွယ်ရေးဝန်ကြီး ဆူတင်က ပြောသည်။

ပရာယွတ် နေအိမ်ကိုတွေ့ရစဉ်

MFP လွှတ်တာ်အမတ် ဂျီရတ်သည် စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်တိမ်းခဲ့ကြောင်း စွပ်စွဲချက်များနှင့် ရင်ဆိုင် နေရသူ ဖြစ်သည်။

ဂျီရတ်ကမူ သူသည် ခြွင်းချက်ရရှိပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ နယ်မြေကာကွယ်ရေး ဌာနချုပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး တာဝီပူးလ် ရင်မ်ဆာကွန်း (Taweepool Rimsakorn) ကမူ စစ်တပ်အတွင်း မစ္စတာဂျီရတ်အား ခြွင်းချက်ပေးပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ် ခွင့်ပေးသည့် မှတ်တမ်းကို ရှာဖွေမတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အောက်လွှတ်တော် စစ်တပ်ရေးရာ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဂျီရတ်သည် ပရာယွတ်၏ စစ်တန်းလျား အတွင်းရှိ နေအိမ်သို့ သွားရောက်ရန် ပြီးခဲ့သည့် သီတင်းပတ်က အဆိုပြုခဲ့ပြီးနောက် ၎င်း၏ စစ်မှုမထမ်းခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပရာယွတ်သည် စစ်တပ်နှင့် နိုင်ငံရေးလောကအတွင်းမှ အငြိမ်းစား ယူသွားသည့်တိုင် စစ်တပ်ဝင်းအတွင်းရှိ နေအိမ်တွင် ဆက်လက် နေထိုင်နေခြင်းကို အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။

Source: ဘန်ကောက်ပို့စ်