CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထပ်တွင် ဒုသမ္မတ(၂)ဖြစ်သူ ဦးဟင်နရီဗန်ထီးယူကို နစကမှ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့ခြင်းကြောင့်ဟု ဆိုကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အဝေးရောက် NLD ၏ ဗဟိုအလုပ်ကော်မတီ(CWC)က သြဂုတ် ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၆-၂၀၂၁ လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာ တာဝန်ပေးထားခဲ့ သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း စစ်အုပ်စုနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပူးပေါင်းဆောင်ရွက် ကြောင်း တွေ့ရှိရသည်ဟု NLD CWC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

 ဦးဟန်နရီဗန်ထီးယူကို ထုတ်ပယ်သည့် NLD  CWC ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ထိုကိစ္စနှင့်စပ်လျဉ်း၍ သြဂုတ် ၈ ရက်နေ့တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏ သဘောထားများကို ရယူဆွေးနွေးခဲ့ကာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့ဖြစ်၍ ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု NLD CWC က ထုတ်ပြန်ခဲ့သည်။

NLD CWC သည် ပြည်တွင်းရှိ NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကိုလည်း ပါတီကနေ ထုတ်ပယ်ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သေးသည်။

အဆိုပါ ထုတ်ပယ်ခံရသူများကတော့ NLD မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ပြည်ပကို ထွက် ပြေး၍ NLD ၏ ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်းခွင့်မရှိကြောင်း၊ NLD CWC ဖွဲ့စည်းမှုက တရားမဝင်ကြောင်း ပြန်လည် ထုတ်ဖော် ပြောကြားထားသည်။