CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉

မြန်မာပြည်သူများ လိုလားတောင့်တသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိရေး ကြိုးပမ်းအားထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနည်းလမ်းကိုသာ တစိုက် မတ်မတ် စွဲကိုင်ခဲ့ပါ သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်ကော်မတီက ဇွန်လ ၁၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် သဝဏ်လွှာပေးခဲ့သူများကို ပြန်လည် ကျေးဇူးတင်ကြောင်း ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် အထက်ပါ အတိုင်းဖော်ပြထားသည်။

 NLD CWC ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

NLD ဗဟိုအလုပ်ကော်မတီက “ မြန်မာပြည်သူများ လိုလားတောင့်တသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိရေးကြိုးပမ်း အားထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနည်း လမ်းကိုသာ တစိုက်မတ်မတ် စွဲကိုင်ခဲ့ပါသည်။ ယနေ့ထက်တိုင် ပြည်သူလူထု တစ်ရပ်လုံး၏ ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်အားကိုးမှုတို့ဖြင့် လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလို အနိုင်ရပါတီ ခေါင်းဆောင် လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အရေး ပြဿာနာများကို ဖြေရှင်းရာတွင် ခြွင်းချန်းထား၍ မရသော၊ အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်ဟု မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှုမြင်ပါ သည်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနည်းလမ်းကိုသာ တစိုက်မတ်မတ် စွဲကိုင်ခဲ့သည်ဆိုသော NLD ဗဟိုအလုပ် ကော်မတီ၏ ထုတ်ပြန်ချက်သည် လက်ရှိ NUG- PDF- CRPH တို့ လျှောက်လှမ်းနေသည့် လမ်းစဉ်နှင့် ဆန့်ကျင် ဘက်ဖြစ်နေသည်ကို ထောက်ပြနေသလိုဖြစ်နေကြောင်း၊ NUG- PDF- CRPH လျှောက်လှမ်းနေသည့် လက်နက် ကိုင် လမ်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံမှာမဟုတ်ဟု သွယ်ဝှိုက်၍ ပြောနေသကဲ့ သို့ ဖြစ်နေကြောင်း၊ လက်ရှိ မြန်မာပြည်သူ အများစုသည် လက်နက်ကိုင် တော်လှန်ရေးဖြင့် မြန်မာ့တပ်မတော် ကို ဖြုတ်ချလိုသော စိတ်ဆန္ဒက ပြင်းပြနေသည့်အပေါ်မှာလည်း ယခု ထုတ်ပြန်ချက်က တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို အစပျိုး နေသကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

NLD လွှတ်တော်အမတ်ဖြစ်တဲ့ NUG ရဲ့ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF ရဲဘော်များကိုတွေ့ရစဉ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရအား မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေး ပေါ် ကြေညာထားသည်။

ထို့နောက် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်တို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

အဆိုပါ အခြေအနေမှာပဲ NLD မှ ဗဟိုအလုပ်အမှုဆောင် တချို့နှင့် လွှတ်တော်အမတ် တချို့သည် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်း၍ မြန်မာ့တပ်မတော်အား ဖြုတ်ချ ရေး လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။

အလားတူ NUG ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း ထည့်သွင်းထားသည်။