CNI International News

ဝါရှင်တန်၊ သြဂုတ် ၉

အမေရိကန်နိုင်ငံ အရှေ့ပိုင်းဒေသ အများအပြားတွင် အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့သဖြင့် လူ ၂ ဦးသေဆုံး ကာ အဆောက်အအုံ ၇၀၀,၀၀၀ ကျော်သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်ကို ခံနေရကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့နောက် ထောင်နှင့်ချီသည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်း၊ ရွှေ့ဆိုင်းခဲ့ရသည်။ 

အလာဘားမား (Alabama) မှ နယူးယောက်ခ် (New York) ပြည်နယ်အထိ အမေရိကန်အရှေ့ပိုင်း ပင်လယ် ကမ်းခြေ ဒေသများတွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးများကြွေခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့နှင့် အတူ တော်နယ်ဒို (Tornado) မုန်တိုင်း သတိပေးချက် အပါအဝင် ပြင်းထန်သော မိုးလေဝသ အန္တရာယ် သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်ခဲ့သည်။

အမေရိကန်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသခံများ အကာအကွယ်ရှာနေကြစဉ်

အမျိုးသား မိုးလေဝသဌာန (NWS) ကမူ လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ (ကီလိုမီတာ ၁၃၀) ရှိသည့် လေပြင်းများ နှင့်အတူ အန္တရာယ် အသင့်အတင့်ရှိသည့် ကြောက်မက်ဖွယ် မုန်တိုင်းများ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းချက် ထုတ်ပြန်ခဲ့သည်။ 

"မိုးလေဝသ အခြေအနေကို သတိထားဖို့နဲ့ သက်ဆိုင်ရာရဲ့ သတိပေးချက်တွေကို အမြဲမပြတ် သိရှိနိုင်မယ့် နည်းလမ်းတွေ ရှာဖွေထားကြပါ"ဟု NWS က ဘယ်လ်တီမိုး (Baltimore) ၊ ဝါရှင်တန် (Washington) တို့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းများ၏ ပျံ့နှံ့မှုသည် အလွန်ကြီးမားပြီး တော်နယ်ဒို သတိပေးချက်များကို တန်နက်ဆီ (Tennessee) မှ နယူးယောက်ခ် (New York) အထိ ပြည်နယ်ပေါင်း ၁၀ ခုတွင် ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်-ဘယ်လ်တီမိုး ဒေသသည် အစိုးရိမ်ရဆုံး ဒေသဖြစ်သည်ဟုလည်း NWS က ပြောသည်။

အမေရိကန်မှာ မုန်တိုင်းကြောင့် သစ်ပင်များ ချိုးချနေစဉ်

အချို့နေရာဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများနှင့်အတူ ဗာဂျီးနီးယား (Virginia) ပြည်နယ်တွင် လုံးပတ် ၄ ဒသမ ၅ လက်မရှိသည့် မိုးသီးများကြွေခဲ့သည်ဟု NWS က ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၇ ရက်နေ့ နှောင်းပိုင်းတွင် အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းရှိ အဆောက်အအုံပေါင်း ၇၀၀,၀၀၀ တွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ပြီး ထိုနေ့မှာပင် အမေရိကန်လေကြောင်းခရီးစဉ် ၁၇၀၀ ကျော်ကို ဖျက် သိမ်းခဲ့ရကာ လေကြောင်းခရီးစဉ် ၈၀၀၀ ကို ရက်ရွှေ့ဆိုင်းခဲ့ရသည်ဟု FlightAware ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။

ဝါရှင်တန်တွင်လည်း မိုးလေဝသ အခြေအနေကြောင့် အစိုးရဝန်ထမ်းများကို မိမိတို့ နေအိမ်များသို့ လျင်မြန်စွာ ပြန်နိုင်စေရန် ရုံးဆင်းချိန်ကို ညနေ ၃ နာရီ သတ်မှတ်ခဲ့သည်။
တက္ကဆက် (Texas)၊ လူဝီစီယားနား (Louisiana) နှင့် ဖလော်ရီဒါတို့ အပါအဝင် အမေရိကန်တောင်ပိုင်း ပြည်နယ် များတွင် အပူချိန် ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်မည်ဟု ခန့်မှန်းထားချိန်တွင် အမေရိကန် အရှေ့ပိုင်း၌  မုန်တိုင်းများ တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ယခုကဲ့သို့ ဆိုးရွားပြင်းထန်သည့် မိုးလေဝသ အခြေအနေများ မကြာခဏ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား