CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အား အကောင်အထည်ဖော်နိုင်ရေး နစကနှင့် အာဆီယံတို့ သဘောတူခဲ့ ကြသော်လည်း လက်တွေ့ အကောင်အထည်ဖော်မှုအပေါ် အလုပ်ဖြစ်လား မဖြစ်လား ဆွေးနွေးငြင်းခုံနေကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ထိုအကျပ်အတည်းမှာ လက်ရှိအချိန်ထိ ဖြေရှင်းနိုင် ခြင်း မရှိသေးဘဲ ဖြစ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။

နစကအနေဖြင့် ဘုံသဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံထိပ်သီးညီလာခံတက်ရောက်စဉ်

၎င်းက “ဘုံသဘောတူညီချက် ၅ ချက်ကတော့ အခုလက်ရှိ ကျနော်တို့ နစက အစိုးရအနေနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ သူတို့က စောင့်ပြီးမှ ဒီဟာကို အကောင်အထည် ဖော်မယ်လို့ ကျနော်ကတော့ မြင်တာပဲလေ” ဟု ပြော သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သော အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် သွေးထွက်သံယိုမှု များ ရပ်တန့်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်၊ ဖမ်းဆီးခံရသူများ ပြန်လွတ်ပေး ရန်၊ သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ခန့်အပ်ခြင်းနှင့် မြန်မာပြည်သွားရောက်ခွင့် ပြုရန် စသည့် ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်။

နစကနှင့် သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည် ပေါ် လာရေးသည် အာဆီယံအဖွဲ့၏ ဦးစားပေး ကိစ္စရပ်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက်ကို ကြိုးပမ်းရန်အတွက် တိုက်တွန်းမှုများလည်း ရှိနေကြောင်း ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

 အာဆီယံ အလံကို မီးရှို့နေကြစဉ်

၎င်းက “အဲဒါကတော့ ကြိုးပမ်းဖို့အတွက်လည်း တိုက်တွန်းနေကြတာကိုတော့ တွေ့ပါတယ်၊ အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ်အရ ဖြစ်ဖို့အတွက်ကို ဘက်ပေါင်းစုံကနေလည်း တိုက်တွန်းနေကြတယ် ဆိုတာကိုတော့ ကျမ နားလည်ပါတယ်၊ အဲဒီလိုမျိုးပဲ လက်ခံထားပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် အင်ဒိုနီးရှားနှင့် စင်္ကာပူသံရုံးမှ ကိုယ်စားလှယ်များ လိုက်ပါလာသည့် ယာဉ်တန်း ပစ်ခတ်ခံရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာ ပြီး အရပ်သားသေဆုံးမှု၊ နေအိမ်ပျက်စီး မီးလောင်မှု၊ ပြည်သူလူထုများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်မှုများ ကြုံတွေ့လျက်ရှိနေသည်။