CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄

ထိုင်းအစိုးရသစ် ဖွဲ့စည်းရာတွင် ထိုင်းစစ်တပ်ကလွဲ၍ Move Forward နှင့် ဖြူးထိုင်းပါတီ နှစ်ခု၌ မည်သည့်ပါတီ ဖြစ်ဖြစ် အဆင်ပြေကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်း ဌာနသို့ ပြောသည်။

မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းအစိုးရသစ် ဖွဲ့စည်းရာတွင် ထိုင်းစစ်တပ် သာ အာဏာပြန်လည် ရယူသွားမည်ဆိုပါက ရွှေ့ပြောင်း အလုပ်သမားအရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောင်းလဲ ထူးခြားသွားမည် မဟုတ်ကြောင်း၊ အရပ်သားအစိုးရကိုသာ လိုလားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အဓိကကတော့ ရွှေ့ပြောင်း အလုပ် သမားတွေရဲ့ အသံကို နားထောင်တာ အားနည်းသွားမှာပေါ့။ နောက်တစ်ခုက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာ အခြေခံတရားတွေကို တွေ့ဆုံဆွေးနွေးတာပဲ ဖြစ်ဖြစ် စကားပြောခွင့် ရတာပဲ ဖြစ်ဖြစ် ရွှေ့ပြောင်း အလုပ် သမားတွေအတွက် မူဝါဒ လုပ်ဆောင်တာပဲ ဖြစ်ဖြစ် အဲဒီအကြောင်းအရာမှာ အားနည်းချက်တွေ ဖြစ်ပေါ် လာနိုင်ခြေရှိတာပေါ့။ အကယ်၍ အရပ်သားအစိုးရ ဖြစ်ခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာ ရွှေ့ပြောင်း အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ မစိမ်းတဲ့ လွှတ်တော်အမတ်တွေ ပါလာတဲ့အခါကြတော့ ဒီအလုပ်သမားတွေရဲ့ ပြဿနာ အခြေခံ တရားတွေကို တွေ့ဆုံဆွေးနွေးတာပဲဖြစ်ဖြစ် အစည်းအဝေး တစ်ခုခုနဲ့ ဆွေးနွေးတာပဲဖြစ်ဖြစ် သူတို့လွယ်ကူ တယ်။ တကယ်လို့ စစ်အစိုးရ တက်လာမယ်ဆိုရင်တော့ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတာပဲဖြစ်ဖြစ်၊ အဆုံးအဖြတ်တစ်ခု ထွက်ပေါ်တာပဲဖြစ်ဖြစ် ခက်ခဲမှုတွေက ရှိနိုင်တာပေါ့။ ကုန်ကျစရိတ်တွေကလည်း များနိုင်ခြေရှိတာပေါ့။ အဓိကကတော့ သူတို့လုပ်ဆောင်နေတဲ့ အကြောင်းအရာတစ်ခု အပေါ်မှာ အခြေခံပြီးမှ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စနစ်တကျ ထောက်ပြဖို့အတွက် အခွင့်အလမ်းတွေ နည်းသွားတာကို” ဟု ပြောသည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိုတွေ့ရစဉ်

ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိသည့် MFP ပါတီသည် ညွန့်ပေါင်းအစိုးရအတွက် ပါတီ ၈ ခု ပူးပေါင်း ကာ ခေါင်းဆောင်ဖြစ်သူ ပီတာသည် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရာတွင် အရေးနိမ့်ခဲ့သည်။

ထို့ကြောင့် ဒုတိယနေရာ အများဆုံး အနိုင်ရရှိထားသည့် ဖြူးထိုင်းပါတီသည် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရန် ပြင်ဆင်လျက် ရှိနေသည်။

အဆိုပါ ပါတီနှစ်ခုသည် ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်၍ မဲဆွယ်စည်းရုံးရေး ကာလများတွင် ပြောဆို မှုများ ရှိခဲ့သော်လည်း ရွှေ့ပြောင်းလုပ်သား အများစုအနေဖြင့် MFP ပါတီကိုသာ အစိုးရဖွဲ့စေချင်ကြကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ကတော့ အဝါရောင်ပေါ့လေ Move Forward ပါတီပေါ့။ ပီတာဦးဆောင်တဲ့ ပါတီကို ပိုပြီးတော့ ရွေး ချယ်မယ်ဆိုရင် သူတို့ကို ရွေးချယ်မှာပေါ့။ သူတို့က ဒီရွေးကောက်ပွဲ မတိုင်ခင်ကတည်းကလည်း ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီးတော့ သူတို့က ဖွေထိုင်း(ဖြူးထိုင်း)ပါတီထက်စာရင် သူတို့က ပိုပြီးတော့ ချပြနိုင်တယ် သူတို့ဘာလုပ်မယ်။ သဘောကတော့ ဟိုဘက်ကလည်း ပြောတယ် အခြေခံလစာ ဘယ်လောက် ရအောင် လုပ်ပေးမယ်ဆိုတာနဲ့ ဘယ်လောက်ရောက်အောင် လုပ်ပေးပြီးတဲ့အခါကြရင် ဘယ်လိုကဏ္ဍတွေမှာ တည်ငြိမ်အောင်လုပ်။ လစာတိုးတယ်ဆိုရင် ကုန်စည်စီးဆင်းမှုတို့ ထုတ်ကုန်တွေ ဒီပြဿနာတွေလည်း တက်လာ နိုင်တယ်။ ဒါတွေကို ရှင်းဖို့ဆို Move Forward ပါတီဟာဆိုရင် သူတို့မှာ အဲဒီပေါ်လစီရှိတယ်။ အဲဒါကို သူတို့က သေချာ ချပြနိုင်တယ်။ နောက်ပြီးတော့လည်း အဲဒီမှာ အများစုပါဝင်တဲ့ လူငယ်တွေအနေနဲ့ကလည်း ရွှေ့ပြောင်း အလုပ်သမားနဲ့ပတ်သက်တဲ့ ကိစ္စကို စိတ်ဝင်စားသလို နားလည်တယ်ပေါ့။ ပြီးတော့ ဒီဟာ ရွှေ့ပြောင်း အလုပ် သမားတွေက သူတို့နိုင်ငံရဲ့ စီးပွားရေးကို မောင်းနှင်တဲ့ အဓိက အချက်တစ်ချက် ဖြစ်တယ်ဆိုတာလည်း သူတို့သိ တယ်။ အများစုကတော့ ပြောလို့ရတာက အဝါရောင်မှာရှိတယ်” ဟု ၎င်းက ပြောသည်။

Move Forward ပါတီထောက်ခံသူများနဲ့ ပီတာကိုတွေ့ရစဉ်

သို့သော် ဖြူးထိုင်းပါတီသည် MFP ပါတီအား ညွှန့်ပေါင်းအစိုးရအဖြစ် ဖွဲ့ထားသည့် (၈)ပါတီမှ ထုတ်ပယ်နိုင်ခြေ ရှိပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်၏ ကျောထောက်နောက်ခံပါတီဖြစ်သည့် United Thai Nation ပါတီနှင့် ပူးပေါင်းသွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထိုသို့ ပူးပေါင်းသွားမည်ဆိုပါက ထိုင်းပြည်သူလူထုသည် ဖြူးထိုင်းပါတီအပေါ် အမြင်သဘောထားများ ပြောင်းလဲ သွားနိုင်ကြောင်းနှင့် ဆူပူမှုများလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်သူများက သုံးသပ်ကြသည်။

လာမည့် ဇူလိုင် ၂၇ ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် ပူးတွဲလွှတ်တော်တွင် MFP က ဖြူးထိုင်းပါတီမှ ဝန်ကြီးချုပ်လောင်း တစ်ယောက်အား အဆိုပြုမည် ဖြစ်သကဲ့သို့ ဖြူးထိုင်းပါတီမှလည်း ၎င်းတို့ ရွေးချယ်ထား သည့် ဝန်ကြီးချုပ်လောင်းအား အဆိုပြုနိုင်ဖွယ် ရှိသည်။

ထိုပါတီတွင် ထိုင်းမြောက်ပိုင်းဘက်ရှိ ပြည်သူလူထုများမှလွဲ၍ အများစုသည် MFP ပါတီနှင့် ခေါင်းဆောင် ပီတာတို့ အား ထောက်ခံကြခြင်း ဖြစ်သည်။