CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈

တာဝန်ပြီးဆုံးခါနီး ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Don Pramudwinai (မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်း)သည် ဇူလိုင် ၉ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မကြာခင် ထိုင်းအစိုးရသက်တမ်း ကုန်ကာ အစိုးရသစ် ပြောင်းလဲ ဖွဲ့စည်းရန် ရွေးချယ်နေချိန်မှာပဲ မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံကို လာရောက်သလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်း အဝိုင်းကြား မေးခွန်းထုတ်နေကြသည်။

နစက အနေဖြင့် အာဆီယံထိပ်သီး အစည်းအဝေးများတွင် တက်ရောက်ခွင့် မရှိခြင်းကြောင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ကြားဝင်ကာ တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

ရဲဘော်ဆန်နီက “တာဝန်ပြီးဆုံးခါနီးဆိုပေမယ့် သူ့တာဝန်က ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြစ်တယ် လေ၊ ဆိုတော့ သူ့မှာ တာဝန်ရှိနေတုန်းပဲ၊ သက်တမ်း မကုန်သေးဘူး။ တာဝန်ထမ်းဆောင်တုန်း နောက်တစ်ခု ထူးခြားတာက ဒီအာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရှိတယ်လေ၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီမှာ သူက လာတွေ့သွားတဲ့သဘောလို့ မြင်ပါတယ်။ အဓိကတော့ စစ်ကောင်စီတွေ့ရင်းနဲ့ စစ်ကောင်စီရဲ့ တောင်းဆိုပြီး‌‌တော့ ဒီကိစ္စကို တွေ့တယ်လို့ ထင်တာပဲ၊ နောက် ဒီကနေ့ ရှိနေတဲ့ အာဆီယံမှာ လုပ်နေတဲ့ ထိပ်သီး အစည်းအဝေး အတော်များများကို စစ်ကောင်စီအနေနဲ့ တက်ခြင်းမရှိဘူး။ ဖိတ်ကြားခံရခြင်း မရှိဘူးဆိုတဲ့ဟာကြ‌တော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကြားထဲမှာ တစ်စုံတစ်ရာများ လုပ်နိုင်မလားဆိုတဲ့ ကိစ္စနဲ့ သွားတာများ ဖြစ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းကို တွေ့ရစဉ်

ထိုင်းဒုတိယဝန်ကြီးချုပ် Mr. Don Pramudwinai(မစ္စတာဒွန်ပရာမွတ်ဝီနိုင်း)က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်းကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ဇူလိုင် ၁၁ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် လက်ရှိ၌ ဝန်ကြီးချုပ် ခန့်ထားရေးအတွက် မဲခွဲဆုံးဖြတ်မှုများ လုပ်ဆောင်နေကြသည်။ သို့သော် အစိုးရသစ် မဖွဲ့စည်းခင် အိမ်စောင့်အစိုးရမှ တာဝန်ယူလျက်ရှိနေသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် နစကနှင့် မည်သည့် အပေးအယူကြောင့် မြန်မာ့အရေးတွင် ပါဝင်လာ သလဲဆိုတာ မူတည်ကြောင်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းကို တွေ့ရစဉ်

၎င်းက “ပြောရမယ်ဆိုလို့ရှိရင် သူတို့က ယာယီအစိုးရလေ သူတို့က အစိုးရသစ် မတက်ခင်လေးကာလမှာ ဒါပေမဲ့ သူက ဘာလုပ်ချင်သလဲဆိုတော့ဗျာ၊ သူတို့ ထွက်ခါနီးမှာပဲ သူတို့ရဲ့ လုပ်နိုင်တယ်ဆိုတဲ့ အတိုင်းအတာ ဒါမှမဟုတ်လည်း သူတို့အစိုးရရဲ့ ဂုဏ်သိက္ခာကို ဆယ်ချင်တာ ဒါလည်းဖြစ်နိုင်သလို တစ်ဖက်မှာကြည့်ရင်လည်း အဲဒီအုပ်စုက လက်ရှိ အစိုးရနဲ့က သူတို့နဲ့က အဆင်ပြေတဲ့ အုပ်စုဖြစ်နေတယ်၊ သူတို့ဒီကြားထဲမှာလည်း တသီးသီး သွားတွေ့ပြီးတော့ ဆက်ဆံနေတာ ရှိတယ်၊ အဲဒါကြောင့် သူတို့ထဲမှာ ဘာအပေးအယူတွေ ရှိထားလို့ မြန်မာနဲ့ ထိုင်းနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အရေးပါတဲ့ ကဏ္ဍကို သရုတ်ဆောင်သလဲ လုပ်သလဲ ဒီအပေါ် လည်း မူတည်တယ်၊ နောက်တစ်ခုက အာဆီယံမှာကြတော့ သူက ဘယ်လိုမှ နိုင်ငံတကာ ကိုယ်စားလှယ်တွေ အရင် သံတမန်ဖြစ်ခဲ့တဲ့ အရင်တုန်းကဆိုရင် ကမ္ဘောဒီးယားက လူတွေ မတွေ့နိုင်တဲ့ဟာကို သူတို့လက်ထက်မှာ တွေ့အောင်လုပ်နိုင်တယ်ပေါ့၊ သွားတွေ့နိုင်တယ်ဆိုပြီး အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တဲ့ ဟာမျိုးတွေပေါ့၊ ဒါမျိုးတွေ သူတို့ကနေ လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပမှု မစတင်မီ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Don Pramudwinai တို့ မြန်မာနိုင်ငံကို လာရောက်ခြင်းမှာ ချိန်ကိုက်လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြော သည်။

လက်ရှိ ထိုင်းအိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ် ပရာယွတ်သည် နစကနှင့် နီးစပ်မှုရှိနေသလို နိုင်ငံရေး၊ နယ်စပ်ရေး လုံခြုံရေးများတွင်လည်း အတူပူးတွဲ လုပ်ဆောင်မှုများ ရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။