CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉

နိုင်ငံတကာ သံတမန်များသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ နေပြည်တော်မှာ ခြေရှုပ်နေကြခြင်းကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ တစ်ခု ဖြစ်လာမလား စောင့်ကြည့်နေကြသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ် Peng Xiubin သည်လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင် ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် H. E. Mr. Don Pramudwinai သည်လည်း ကောင်း၊ ဧပြီ ၂၃ ရက်၌ ဘန်ကီမွန်းသည်လည်းကောင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တွေ့ဆုံခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တရုတ် သံမတန် တို့သည်လည်း မကြာခဏ နေပြည်တော်သို့ သွားရောက်၍ နစက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တို့အပါအဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးလေ့ရှိနေသည်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈ ရက်နေ့က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်သံအမတ်ကြီး တို့တွေ့ဆုံစဉ်

သံတမန်များ နေပြည်တော်သို့ လာရောက်ခြင်းမှာ မြန်မာ့ငြိမ်းချမ်းရေးနှင့် နယ်စပ်တည်ငြိမ်ရေး၊ ဖွံ့ဖြိုး ရေးများနှင့် ဆက်စပ်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “အဲဒီတော့ တရုတ်ရဲ့ အရွေ့ကလည်း ကြီးကြီးမားမား နယ်စပ်တည်ငြိမ်ရေးကို ဆောင် ရွက်လာနိုင်တဲ့ အနေအထား နောက်ပိုင်းမှာ တွေ့နိုင်တာပေါ့၊ ဘန်ကီမွန်းရဲ့ ခရီးစဉ်ကလည်း ထိုင်းဒုဝန်ကြီးချုပ် အဆိုပြုခဲ့တဲ့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ အခင်းအကျင်း ဖြစ်တဲ့အခါမှာ အဲဒီလိုပဲ သုံးသပ်တာပေါ့ဗျာ၊ သီးသန့် ခရီး စဉ် ဖြစ်ချင်ဖြစ်မှာပေါ့၊ ဒါပေမဲ့ ကြည့်ရတာ အာဆီယံဘက်ကလည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ဖြေရှင်းလို တဲ့ သဘောတွေ့နိုင်တယ်၊ ပစ်ခတ်ရပ်စဲရေး ကဏ္ဍတွေမှာ ဘန်ကီမွန်း ပါခဲ့တဲ့ ခရီးလမ်းကိုကြည့်ရင် NCA စာချုပ် ချုပ်တဲ့ကာလက ပထမအကြိမ်၊ ဒုတိယအကြိမ် စသဖြင့်ပေါ့ဗျာ၊ ငြိမ်းချမ်းရေးညီလာခံကို ကြည့်ရင် ဘန်ကီမွန်း ကိုယ်တိုင်ပါခဲ့တဲ့ အခင်းအကျင်းတွေ တွေ့နိုင်တယ်၊ အဲဒီတော့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ နယ်စပ်တည်ငြိမ်ရေး မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ရေးတွေက ဆက်စပ်နေတယ်လို့ပဲ သူတို့ သုံးသပ်တယ်။ ဆိုတော့ နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်မှုတွေ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ လာရောက်ပြီးမှ SAC နဲ့ တွေ့တာ ကတော့ NUG ဘက်က သိပ်ကျေနပ်တဲ့ပုံတော့ မပေါက်ဘူး။ ဒါပေမဲ့ SAC နဲ့ ဆွေးနွေးမှ ဖြစ်မယ် ဆိုတဲ့ ယူဆချက် တစ်ခုကတော့ဖြင့် အာဆီယံရော၊ ကုလသမဂ္ဂရော၊ Elders ရော၊ တရုတ်ရော၊ အိန္ဒိယရောဘက် က ဒီအတိုင်းပဲ သတ်မှတ်ချက်က ရှိထားပုံပေါက်တယ်” ဟု ပြောသည်။

လက်ရှိတွင်လည်း တရုတ်၊ ရုရှားမှ ကိုယ်စားလှယ်တို့နှင့် နစကတို့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးလျက် ရှိနေသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်က ထောက်ခံသလို ၎င်းတို့ အကျိုးစီးပွားအရ လာရောက်ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov တွေ့ဆုံစဉ်

ဦးကြီးမြင့်က “ဆိုလိုတာကတော့ တရုတ်က စကစက ရွေးကောက်ပွဲလုပ်မယ်ဆို တရုတ်က ထောက်ခံတယ်၊ ထောက်ခံတဲ့အပြင်ကို သူက သူ့အကျိုးစီးပွားလည်း ကြိုက်တာကိုး။ ထောက်ခံတဲ့အပြင် သူက မြောက်ပိုင်း ၇ ဖွဲ့နဲ့ ရခိုင်ကို မင်းတို့ စစ်အစိုးရကို မတိုက်နဲ့တော့ မတိုက်နဲ့ ရွေးကောက်ပွဲကို ထောက်ခံလိုက်ကြ၊ ရွေးကောက်ပွဲလည်း လုပ်လိုက်ကြတော့လို့ သူက ဖိအားပေးပြီးပြီ၊ အဲဒါကို မင်းအောင်လှိုင်နဲ့ဆို မဖြစ်ဘူး။ မင်းအောင်လှိုင်နဲ့ဆို မဖြစ်နိုင် ဘူး။ ဒါကို ဦးသန်းရွှေတို့ ခင်ဗျားတို့ ကြီးကြပ်လုပ်ကြပါဦးဆိုပြီး လာပြောတာပဲလေ၊ ဘန်ကီမွန်းကတော့ ထားပါ တော့ဗျာ၊ ဒီစစ်အစိုးရက အသုံးချတာပါ ဘန်ကီမွန်းကတော့ ဘာမှ မဟုတ်ပါဘူး” ဟု ပြောသည်။

နိုင်ငံတကာမှ လာရောက်ခြင်းမှာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ထွက် ပေါ် လာနိုင်သည်ဟု သုံးသပ်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

မန်းအောင်ပြည်စိုးက “ဒါကတော့ နိုင်ငံတကာက လာတာကတော့ လက်ရှိ နစကကို ဒါက နားလည် အသိအမှတ် ပြုတဲ့ သဘောလို့လည်း ပြောလို့ ရတာပေါ့လေ၊ ဘန်ကီမွန်းတို့ ဘာတို့ကတော့ ဘာကိစ္စလည်းတော့ မပြောတတ် ဘူးပေါ့၊ ထိုင်းနဲ့ တရုတ်ကတော့ လာပြီးတော့ ဆက်စပ်တယ်ဆိုတော့က ဒါကကျနော်တို့ တစ်ခုခု အဖြေထွက် မလားပေါ့လေ၊ ကောင်းတဲ့ဖက်က ဖြေရှင်းနိုင်တဲ့ နည်းများ ထွက်မလား အဲဒါလေးတော့ သုံးသပ်မိတယ်၊ အဲဒါ လေးတော့ ယူဆမိတယ်” ဟု ပြောသည်။

နစကအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ထိုင်းနိုင်ငံတို့မှ သံတမန်များ၊ ဒုဝန်ကြီးချုပ်များနှင့် မကြာခဏ ဆိုသလို တွေ့ဆုံမှုများ ရှိနေသည်။