CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများအားလုံးကို ထောက်ခံကြောင်း အမေရိကန်သံအမတ်ကြီး မစ္စဆူဆန်စတီ ဗင်ဆင်က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် မစ္စဆူဆန်စတီဗင်ဆင်က တာဝန်ယူသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

မြန်မာပြည်သူများအတွက် လူ့အခွင့်အရေးများကို အကာအကွယ်ပေးပြီး မတရားဖမ်းဆီး ခံထားရသူများ အားလုံး ပြန်လည်လွတ်မြောက်မည့် အားလုံးပါဝင်နိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ခုကို အမေရိကန် ပြည်ထောင်စုက ခိုင်ခိုင်မာမာ ထောက်ခံအားပေးကြောင်း မစ္စဆူဆန်စတီဗင်ဆင်က ပြောသည်။

သံအမတ်ကြီး ဆူဆန်စတီဗင်ဆင်ကို တွေ့ရစဉ်

အဆိုပါ သံန္နိဋ္ဌာန်သည် စကားလုံးသက်သက်ဆိုခြင်းထက် ပိုကြောင်း၊ အာဏာရှင် အဖွဲ့အစည်းကို ဖိအားပေးရန် နှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုများ မှာ အမေရိကန်ပြည်ထောင်စုသည် ရှေ့ဆုံးက ပါဝင်နေပါကြောင်း သံအမတ်ကြီးက ပြောသည်။

တစ်ဖက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပဋိပက္ခကို အဖြေရှာနေကြသူ အားလုံး အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှား ဆောင်ရွက်မှု အတွက် အားထုတ်မှုများကိုလည်း အားပေးထောက်ခံနေပါကြောင်း ၎င်းက ပြောသည်။

ဆူဆန်စတီဗင်ဆင်က “ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ထပ်မံရောက်ခဲ့ပြီး ပိုပြီးပွင့်လင်းပျော့ပြောင်းတဲ့ အစိုးရတစ်ရပ်အောက်က တိုးတက်ပြောင်းလဲလာမှုတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါသေးတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနဲ့ သင်တို့ရဲ့ လွတ်လပ်မှုတွေ ကြုံလှီချည့်နဲ့သွားတဲ့အကြောင်းကို သိရတော့ ကမ္ဘာတစ် ဝန်းက လူတွေလိုပါပဲ ကျမလည်း တုန်လှုပ်ချောက်ချားမိပါတယ်။ သံရုံးအဖွဲ့သားတွေနဲ့ ကျမကိုယ်တိုင်လည်း သင်တို့ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတဲ့ ပြင်းထန်ဆိုးရွာတဲ့ အခက်အခဲတွေကို အလေးအနက် နားလည် သိရှိကြပါ တယ်”ဟု ပြောသည်။

ဆူဆန်စတီဗင်ဆင်သည် မြန်မာနိုင်ငံကို ၁၉၉၄ ခုနှစ်က ပထမဦးဆုံးအကြိမ် ရောက်ခဲ့ဖူးပြီး ၁၉၉၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ် စသဖြင့် စုစုပေါင်း ၄ ကြိမ် ရောက်ရှိခဲ့ဖူးသူဖြစ်သည်။