CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၆

ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် အတိုက်အခံပါတီများ အနိုင်ရကာ အစိုးရ အပြောင်း အလဲ ဖြစ်လာသော်လည်း မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှု ရှိဦးမှာ မဟုတ်ကြောင်း တိုင်းရင်းသား လက်နက် ကိုင် ခေါင်း‌‌ဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မေလ ၁၄ ရက်က ကျင်းပခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် Move Forward ပါတီက နေရာအများစုကို အနိုင်ရရှိခဲ့သည်။

အစိုးရသစ်ဖွဲ့စည်းပြီး‌နောက် နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေးမူဝါဒများမှာ ချက်ချင်းပြောင်းလဲမှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ချက်ချင်းလက်ငင်းတော့ ဘာမှ မပြောင်းပါဘူးဗျ၊ တစ်နှစ်လောက်‌တော့ ဘာဖြစ်လို့လဲ ဆို လက်ရှိ အစိုးရသစ် ဖြစ်လာလို့ ပြန်ပြီး ညွန့်ပေါင်းဖွဲ့ရမယ်ဆို လွန်ခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒတို့၊ အိမ်နီးနား မူဝါဒ တို့ကြ‌တော့ ကာကွယ်ရေးမူဝါဒတို့ကြတော့ ချက်ချင်းပြောင်းလဲလို့တော့ မရဘူးဗျ၊ ဒါကြောင့် သူက လွှတ်တော်နဲ့ အစိုးရ အခုလက်ရှိ တက်မယ်ဆိုရင်တောင်မှ သူတို့ရဲ့ ပေါ်လစီကို မိတ်ဆက်ဖို့က နှစ်နဲ့ချီပြီးမှ စောင့်ဖို့လိုမယ်၊ ကျနော်ထင်တယ် ဒီ ၂၀၂၄ အလွန်လောက်မှ နည်းနည်းလေး ရွေ့နိုင်တဲ့ သဘောပေါ့ဗျာ၊ ဒီနှစ်ထဲမှာတော့ ဘာ ဖြစ်ဖြစ် ချက်ချင်းကြီးတော့ အဖြူအမဲ ပြောင်းဖို့တော့ မရှိသေးပါဘူး။ ကြည့်ရတာတော့ မူဟောင်းအတိုင်းပဲ ခဏ ဆက်ထိန်းရမှာပေါ့၊ ကျနော်အဲဒီလို မြင်ပါတယ်ဗျ၊ ထိုင်းအနေနဲ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရွေးကောက်ပွဲမှာ ဦးဆောင် အနိုင်ရသူ Move Forward ပါတီ အောင်ပွဲခံနေစဉ်

ထို့အတူ ထိုင်းနိုင်ငံ‌ရောက် မြန်မာ့ရွေ့ပြောင်းအရေး၊ ထိုင်းနယ်စပ်မှ တိုက်ပွဲရှောင်များအရေးနဲ့ ပတ်သက်ပြီး မည်ကဲ့သို့သော မူဝါဒများ ချမှတ်မည်ဆိုသည်ကို ၆ လခန့် စောင့်ကြည့်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာသည် လက်ရှိ နစက ခေါင်းဆောင်များနှင့် နီးစပ်သည့် အတွက်ကြောင့် ထိုင်းနိုင်ငံရောက် တော်လှန်ရေး အင်အားစုများအပေါ် ဖမ်းဆီးမှု၊ ဖိအားပေးမှုများ ရှိနေကြောင်း ပြောကြသည်။

ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် Move Forward ပါတီမှာ ရွေးကောက် ပွဲတွင် အနိုင်ရခြင်းကြောင့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အလားအလာများ ရှိနေကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေသူ

၎င်းက “အရင် ရွေးကောက်ပွဲမတိုင်ခင် အာဏာသိမ်းအစိုးရက ဗမာစစ်တပ်နဲ့ ပေါင်းပြီးတော့မှ ဒီလိုခိုးဝင်လာတဲ့ မြန်မာပြည်သူတွေကို ဖမ်းဆီးပြီးတော့ ပို့တာတွေ ရှိသလို အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့လည်း မြန်မာ ပြည်သူတွေကို ဖမ်းပြီးတော့ ပြန်ပို့ဖို့ဆိုတာကို အာဏာသိမ်း ထိုင်းစစ်တပ်ကို အမြဲတမ်း ပြောလေ့ ရှိတယ်ဆိုတာ ကိုလည်း မီဒီယာမှ ပျံ့နှံ့နေတယ်၊ အားလုံးလည်း သိပြီးသားဖြစ်တယ်၊ ဒါကြောင့်မို့လို အခုလို အတိုက်အခံပါတီ ဖြစ်တဲ့ အနိုင်ရပါတီဟာ သူတို့ဟာ လူ့အခွင့်အရေး လုပ်တဲ့ အဖွဲ့အစည်းဖြစ်တာ အလျှောက် မြန်မာပြည်သူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ အလားအလာတွေ ရှိနိုင်သလို ဖမ်းပြီးတော့ မတရားဖမ်းပို့တယ်ပေါ့နော်၊ တရားဥပဒေမဲ့ မတရားဖမ်းပို့တဲ့ အခြေအနေတွေဟာ လျော့နည်းသွားနိုင်သလို တစ်ဖက်နိုင်ငံမှာ ကျနော်တို့နိုင်ငံထဲမှာ အာဏာ သိမ်းခြင်း ခံထားရတာ ဖြစ်တဲ့အတွက် ခိုးဝင်လာတဲ့သူတွေကို စနစ်တကျ ဒုက္ခသည် စခန်းတွေပေါ့ ဟောဒီ နယ်စပ်မှာ ဒုက္ခသည်စခန်းတွေ ပြန်လည် အသစ်ဖွင့်ပြီးတော့မှ ဒီ Refugee (ဒုက္ခသည်)အဖြစ်နဲ့ ပြန်လည် လက်ခံ နိုင်စရာ အကြောင်းရှိတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများကြောင့် ထိုင်းနိုင်ငံသို့ နိုင်ငံရေးသမားများ ခိုလှုံမှု၊ တိုက်ပွဲများကြောင့် အရပ်သားများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသလို မြန်မာ့ ရွှေ့ပြောင်း လုပ်သားများ အနေဖြင့်လည်း ထိုင်နိုင်ငံတွင် ၇ သန်းဝန်းကျင် လုပ်ကိုင်နေကြကြောင်း သိရသည်။