CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူများနှင့် တိုင်းရင်းသားတော်လှန်‌ရေး အင်အားစုများကို အစဉ်အမြဲ အားပေးထောက်ခံကြောင်း အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း(Wendy Sherman) က ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝင်ဒီရှားမန်းက “အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီ ရုံးခွဲ ဖွင့်လှစ်ခြင်းအား ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအား အစဥ်အမြဲအားပေး ထောက်ခံနေပါသည်”ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်

ထို့အတူ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ၎င်းတို့၏ မိတ်ဖက် အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ကြောင်း ပြောကြားထားသည်။

အမေရိကန်အနေဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီမှုမှာ နည်းလမ်း မှန်ကန်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အားပေးတာက ဟုတ်တယ်လေ၊ အားပေးတဲ့ နည်းလမ်းက မှန်ဖို့လည်း လိုသေးတယ်လေ၊ အားပေးပြီး တော့ မြှောက်ပေးပြီးတော့ လက်ခုပ်တီးပေးနေလို့ မရဘူးလေ၊ အားပေးတယ်ဆိုတာက ဒို့ဒီမှာ သတ်မှတ်ထားတဲ့ အားပေးတာက ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီဖြစ်အောင် အားပေးတာ လက်ခံပါတယ်။ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီတဲ့ ဟာက အားပေးတာ မဟုတ်ဘူး။ ငါတို့ကတော့ ဒီမိုကရေစီ လိုချင်ရင် ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ အားပေး ထောက်ခံတာကို ငါတို့ လက်ခံပါတယ်” ဟု ပြောသည်။

 

မြန်မာ့တပ်မတော်ကို လက်နက်ကိုင် တော်လှန်နေကြသူများကိုတွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှု နှင့်အတူ လက်နက်ကိုင် တော်လှန်ရေးကို ဒီမိုကရေစီအရေး တက်ကြွသူများမှ ဆင်နွှဲလျှက်ရှိသည်။

ဒီမိုကရေစီအရေး လှုပ်ရှားမှုအပိုင်းကို ကူညီမည်ဆိုသည်ကို ကြားမိကြောင်း သို့သော်လည်း မည်မျှအထိ ကူညီ မည် ဆိုသည်ကို မသိရှိရကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ ကျနော်တို့ ကြားသ‌လောက်တော့ ဒီလူသားချင်းစာနာတဲ့ ကဏ္ဍအနေနဲ့ ကူညီမယ်၊ ဒီမိုကရေစီလှုပ်ရှားမှု အပိုင်းတွေကို ကူညီမယ်ဆိုတဲ့ ဟာမျိုးတော့ ကြားပါတယ်၊ ဒါပြီးမှ နည်းပညာပိုင်းဆိုင်ရာ ကူညီမယ်ဆိုတာ ဒီလောက်ပဲ ကြားပါတယ်၊ ကျနော်ကြားသလောက်ပါပဲ၊ ကျနော်တို့လည်း ဒီဟာကို မတွေ့ဆုံဖူးဘူးဆို‌တော့ မသိဘူး။ ကြားသ‌လောက်တော့ ဘယ်လောက်အထိ ကူညီမယ်၊ မကူညီဘူးဆိုတာ သူတို့ ကူညီတဲ့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် အမေရိကန်သမ္မတ ဘိုင်ဒန် လက်မှတ်ရေးထိုး အတည်ပြုလိုက်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ (NDAA)တွင် မြန်မာ့တပ်မတော်ကို ဆန့်ကျင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လက်နက် မဟုတ်သော နည်းပညာ အကူအညီများ ထောက်ပံ့ပေးမည်ဆိုသည့် အချက်များ ထည့်သွင်းထားကြောင်း သိရသည်။